တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ၊ကျောက်ပုဇွန်တောင်နှင့် သကျက်တောင်ကြားတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။
အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၇ ရက် အထိလယ်သစ်ရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် သုံးရက်တာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည်ထွက်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စကစအပါအဝင်ပျူစောထီးတွေစစ်ကြောင်းဒုတိယအကြိမ်ထိုးလာစဉ်မှာကျွန်တော်တို့ကလမ်းကနေစောင့်ပြီးတိုက်ခိုက်ခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များမိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်က ၄ ဦးသေဆုံးပြီး၊နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာစစ်တပ်က အလောင်းများကိုကားဖြင့်လာသယ်သွားသည်ဟု၎င်းကဆက်ပြောသည်။စစ်ကောင်စီတပ်သေဆုံး ထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
“ဒဏ်ရာရသူကို ဝါရစ်ဂျိုးတောင်ရွာမှာ ဆေးကုနေပါတယ်။ခြေထောက်ပြတ်တစ်ယောက်ပါသွားပါတယ်”ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များထိ့ခိုက်မှုမရှိခဲ့ဟုလည်း မြိတ်ပကဖကထုတ်ပြန်သည်။
အဆိုပါစစ်ဆင်ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းနေရာယူထားပြီး ဘုန်ကြီးကျောင်းနှင့်နေအိမ်များကိုအမှီပြုကာ လက်နက်ကြီးများ တပ်ဆင်ထားသည်ဟု ဒေသခံအချို့ကပြောသည်။
တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အနီးနားကျေးရွာများမှ အိမ်ထောင်စု ၅၀၀ကျော်စစ်ဘေးရှောင်နေရသည်ဟု ဒေသခံကပြောသည်။
မကြာခင် စစ်ရေးပိုမိုပြင်းထန်လာနိုင်ပြီးနှစ်ဖက်လုံးမှ အင်အားများထပ်မံဖြည့်တင်းနေ၍ ပြည်သူများ ဘေးအန္တရာယ်ကင်းအောင် ဂရုပြူနေထိုင်ကြရန် တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။
