စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွှေဘို – ခင်ဦး – ရေဦးလမ်းပိုင်းများတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုပ်နင်းမိုင်း များရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ၂၉ရက်) က ခင်ဦးမြို့နယ် (ပကဖ)တိုက်နယ် – ၄၊ မော်ကွန်းညီနောင် ၊နဂါးညီနောင်၊ ဒေါင်းရာဇာ စသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးအဖြစ် မြေမြုပ်မိုင်း ရှာဖွေဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မိုင်းသုံးလုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း ရွှေဘို- ခင်ဦး- ရေဦးလမ်းတစ်လျှောက်၌ အင်အား ၁၆၀ခန့်ဖြင့် လမ်းကြောင်းတစ်လျောက် ရွာများအား ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ၎င်းတို့ နေရာယူခဲ့သည့် လမ်းဘေးတစ်လျှောက် ကျေးရွာ အနီးနားတွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ရာ မိုင်းသုံးလုံးကွဲပြီး နွားနှစ်ကောင်နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။


“မိုင်းကွဲခဲ့တာက ရွှေဘို-မြစ်ကြီးနား လမ်းဘေး ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာအနီးမှာပါ။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။
သို့သော် ရွှေဘို -ခင်ဦး -ရေဦး ကားလမ်းဘေးတစ်လျှောက်နှင့် ကျေးရွာများအနီးတဝိုက်တွင် မြေ မြုပ်နင်းမိုင်းများ ရှိနိုင်သေးသဖြင့် ရွှေဘို- ခင်ဦး -ရေဦး ကားလမ်းတစ်လျှောက်နှင့် နီးစပ်သောရွာများ အားလုံး မြေမြုပ်မိုင်းအန္တရာယ်သတိထားသွားလာကြရန် ပြည်သူများအား ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က အသိပေးတိုက်တွန်းထားသည်။
စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။
