စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြိုင်လယ်ကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံများအား လိုက်လံရိုက်နှက်ဖမ်းဆီးမှုမြင်တွေ့၍ အသက်(၈၀)ကျော် အဘွားအိုတစ်ဦး ထိတ်လန့်ပြီး နှလုံးရပ်သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
နိုဝင်ဘာ ၂၈ ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၊ မြိုင်လယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၉)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်နှစ်လုံးအား ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများကို အဓမ္မသိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။




ထို့အပြင် ဒေသခံ ရွာသူ၊ရွာသားများမှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် သပြေပင်ဘုန်းကြီးကျောင်း၌ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းထိပါ လိုက်လံရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထိုသို့ ပြုလုပ်မှုများကြောင့် ဘုန်းကြီးကျောင်း၌ ပုန်းရှောင်နေသည့် မြိုင်လယ်ရွာနေ အသက်(၈၇)နှစ်အရွယ် ဒေါ်ဝင်းစိန်မှာ ထိတ်လန့်ပြီး နှလုံးရပ်သေဆုံးသွားကြောင်း နယ်ခံများက ပြောသည်။

“စစ်သားများ ရောက်ရှိလာပြီး ပြည်သူများအားခြိမ်းခြောက်ရိုက်နှက်မှုများကိုတွေ့မြင်ပြီး ထိတ်လန့်ကာ နှလုံးရပ်သေဆုံးသွားတယ်လို့ သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထို့အပြင် မြိုင်လယ်ရွာသား နှစ်ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မောင်းထောင်ရွာ၊ မြိုင်လယ်ရွာနှင့် ရွာသစ်ရွာများရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
