နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်၏ ဧရာဝတီဘဏ် (AYA ဘဏ်) ကို တစ်ဦးတည်းပိုင်ဘဏ်ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် စီစဉ်နေကြောင်း နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ကြေငြာထားသည်။
တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။
လက်ရှိဘဏ်၏ တန်ဖိုးမှာကျပ်ငွေ ဘီလီယံ ၇၀၀၀ ရှိသည် ဆိုသောAYA ဘဏ်ကို စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်တစ်ဦးတည်း ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယခင်ဗဟိုဘဏ်ဒုတိယဥက္ကဌဟောင်း ဒေါ်ခင်စောဦးက အမှုဆောင်ဥက္ကဌ အဖြစ်ဆောင်ရွက်နေခြင်းဖြစ်သည်။
“တဦးတည်းပိုင်တဲ့ လုပ်ငန်းကနေ လူအများစုပိုင်တဲ့ ကုမ္ပဏီအဖြစ်ပြောင်းပြီး ဘဏ်ရှယ်ယာတွေကို ထုတ်ရောင်းမယ် သဘောမျိုးပါ”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပြုသည်။
ထိုသို့ပြောင်းလဲခြင်းကြောင့် ရှယ်ယာများကို အများပြည်သူကိုလည်းရောင်းချနိုင်တော့မည်ဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းဘဏ်များအပေါ် လူထုယုံကြည်မှုလျော့ကျလာခြင်းကြောင့် ဘဏ်တွင်ငွေအပ်နှံမှုလျော့ကျလာခြင်း ၊ စစ်ကောင်စီကဘဏ်လုပ်ငန်းများကိုတင်းကြပ်ခြင်း၊ နိုင်ငံ့စီးပွားရေးကျဆင်းမှုတို့ကြောင့် ဘဏ်လုပ်ငန်းများ ကျဆင်းနေသည်။
