ဆေးပေးခန်းအပါအဝင် အဆောက်အအုံ ၂၀ ကျော်လည်း မီးရှို့ဖျက်ဆီးသွား
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ သုံးဦးကိုသတ်ဖြတ်သွားပြီး ဆေးပေးခန်း၊ လူနေအိမ်နှင့် စျေးဆိုင်ခန်းများအပါအဝင် အဆောက်အဦး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ၂၆ရက်က မြင်းဒေါင်းကျေးရွာအား မီးရှို့ခဲ့ရာ ကျေးလက် ကျန်းမာရေးဆေးခန်းအပါအဝင် ဈေးတန်းအဆောင် ၂၀ကျော် နှင့် ရွာမြောက်ပိုင်းနေအိမ် ငါးလုံးခန့် ပျက်စီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထို့အပြင် ရွာခံအမျိုးသား သုံးဦးဖြစ်သော အသက်(၄၅)နှစ်အရွယ် ကိုဇော်ဆိုသူအား ရိုက်နှက်သတ်ဖြတ်ခဲ့၍ အသက်(၃၃)နှစ်အရွယ် ကိုနေစိုးနှင့် အသက် (၅၅)နှစ်အရွယ် ဦးတင်ဝင်းမြင့်တို့ကို မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။




ထို့အပြင် ခင်ဦး-ရေဦးလမ်းပေါ်ရှိ သရက်ပင်စုကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ကျေးရွာနေ အသက်(၂၅)နှစ်အရွယ် ကိုကျော်ခိုင်ဦးအား သတ်ဖြတ်သွားခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။
မြင်းဒေါင်းကျေးရွာနှင့် သရက်ပင်စုကျေးရွာတို့သည် ရွာသစ်ကုန်းပျူစောထီးရွာနှင့် ကပ်လျက် တည်ရှိသောကြောင့် ရွာခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ၍ အကူအညီများလိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုများခံနေရသည့် ခင်ဦးနယ်တွင် စစ်ဘေးရှောင်၊ မီးဘေး ဒုက္ခသည် ၂၀,၀၀၀နှင့်အထက်ရှိပြီး မီးရှို့ခံရသည့် ကျေးရွာပေါင်း ၅၀ကျော်နှင့် လူနေအိမ် ၂,၂၀၀ နီးပါးမီးရှို့ဖျက်ဆီးခံထားရကြောင်း၊ ဆောင်းတွင်းကာလရောက်နေပြီး ဖြစ်တာကြောင့် အအေးဒဏ်အတွက် စောင်အနွေးထည်၊ ဆေးဝါးနှင့် အစားအသောက်များ ကူညီပေးကြပါရန် KURDAFက မေတ္တာရပ်ခံထားသည်။
