ရွာခံအချို့ကို ဖမ်းဆီးရိုက်နှက်မှုရှိဟု ဒေသခံပြော
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် စတင်မီးရှို့ဖျက်ဆီးနေကြောင်း အင်းတော်ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၈ရက် နံနက်တွင် နတ်မဟုတ်ကြီးရွာကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ရွာသားအချို့ကို ဖမ်းဆီးရိုက်နှက်ထားသည်ဟု Indaw Revolution က ဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။
“သူတို့က မနေ့ကတည်းက အဲဒီရွာမှာ ရောက်နေတာ။ ရောက်ကတည်းက ရွာသားတွေကို ဖမ်းဆီးရိုက်နှက်အဲဒီလိုမျိုးလုပ်နေတာပေါ့။ ဒီနေ့မနက် ရောက်တော့ မီးရှို့နေတာပေါ့။ ညတုန်းကဆိုရင် သူတို့က ရွာသားတွေကို ရွာပြင်လည်းမထွက်ခိုင်းဘူး။ အပြင်က ပြန်လာတဲ့သူကိုလည်း အထဲမဝင် ခိုင်ဘူးတဲ့။ ပိတ်ထားတဲ့သဘောပေါ့။ ရွာသားတချို့ကတော့ အဲဒီမှာ ပိတ်မိနေတယ်။ တချို့က တောထဲဝင်ပြေးတာရှိတယ်”ဟု အင်းတော်ဒေသခံက ပြောသည်။
နေအိမ်အရေအတွက်မည်မျှ မီးရှို့ခံရသည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းတော်မြို့နယ် အောက်တောရွာမှ ပြည်သူလူထု နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု Indaw Revolutionက ဖော်ပြထားသည်။
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလှုပ်ရှားမှုများ၊ လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုများ ပြုလုပ်လျက်ရှိသည်။
