ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ အခက်အခဲကြုံနေရသည့် မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
အလှူရှင်များ၏အကူအညီဖြင့် မြို့နယ်(ပအဖ)မှ ဆန်အတင်း ၅၀၊ ဆောတိုက်နယ်အတွင်းရှိ ကျေးရွာများမှပံ့ပိုးမှု ဆန်အတင်း ၉၀၊ ကျောက်ထုဒေသကျေးရွာအချို့မှပံ့ပိုးမှု ဆန်အတင်း ၈၀ တို့အား မီးဘေးသင့်အိမ်ထောင်စုများထံ အညီအမျှခွဲဝေပေးခဲ့ရာ တစ်အိမ်ထောင်လျင် ဆန်တစ်တင်းကျော်စီ ခွဲဝေပေးထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။


ဆက်လက်ပံ့ပိုးနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆော(ပအဖ)က အသိပေးထားပြီး ကူညီပေးကြသောပြည်သူများ၊ ဆောတိုက်နယ်အုပ်ချုပ်ရေးအဖွဲ့တို့အား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မီးဘေးသင့်အိမ်ထောင်စု ၁၈၈စုအတွက် တစ်အိမ်ထောင်စုလျှင် ၂သောင်းကျပ်စီကို အများပြည်သူအလှူရှင်များ၏အကူအညီဖြင့် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ပေးပို့ခဲ့သည်ဟုဆိုသည်။
ယခု နိုဝင်ဘာလလယ်က စစ်ကောင်စီတပ်သည် ဆောမြို့နယ် လက်ပန်းကျေးရွာနှင့် ပဆုပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၈၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
