ပခုက္ကူခရိုင်အတွင်းစစ်ကောင်စီတပ်က နှစ်လအတွင်း စွန့်လွှတ်လိုက်ရသည့် ရဲစခန်း ၃ခု အထိရှိလာပြီဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများကပြောသည်။
စစ်ကောင်စီတပ်က ကျေးလက်များကို လက်လွှတ်ပြီး မြို့ပြများကို ထိန်းချုပ်နိုင်ရန်အတွက် မကွေးတိုင်းရှိ နယ်မြေရဲစခန်းများကို လက်လွှတ်ပေးလာခြင်းဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူအချို့ကသုံးသပ်ပြောကြားသည်။

“ရွှေးကောက်ပွဲအတွက် စစ်ကောင်စီက ကျေးလက်တွေကို စွန့်လွှတ်ပြီး မြို့တွေကို အသေလဲကာကွယ်ဖို့ လုပ်နေတာလို့ထင်တယ်။ မြို့တွေမှ အခြေခိုင်မှာ ရွာတွေက PDFတွေကို စစ်ကြောင်းအကြီးအကျယ်ထိုးမယ် သဘောရှိတယ် ”ဟု အနောက်ပိုင်းတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃)၊ ကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကသူ၏အမြင်ကိုပြောသည်။
PDFများကမကြာခဏတိုက်ခိုက်လာပြီးနောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။
သရက်ကန်ရဲစခန်းကို အောက်တိုဘာ ၂ ရက်က မီးရှို့ပြီး စစ်ကောင်စီတပ်က စွန့်လွှတ်ထားခဲ့သည်။
မြိုင်မြို့နယ် ဗဟင်းရဲစခန်းကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက် စွန့်ခွာသွားပြီး ရွာမှာ လူနေအိမ် ၇၀ခန့်ကို မီးရှို့သွားသည်။
ထိုအပြင်ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက PDFများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရန် ကြိုးစားစဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ စခန်းကို စွန့်ခွာထွပ်ပြေးသွားခဲ့သည်။
ရဲစခန်းကို သိမ်းပိုက်ရန် ဒေသခံကာကွယ်ရေးတပ်များ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်ခန့်ပစ်ခတ်ခဲ့ပြီး စခန်းကို မီးရှို့ကာစွန့်ခွာသွားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေးတပ်မှ ၂ ဦးကျဆုံးခဲ့ရသည်။ ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရသူများကြောင်းလည်းသိရသည်။
