▪︎ရခိုင်ပြည်သူများအတွက် လူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ခြင်းဖြစ်ဟု AA ပြော
ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်နှင့် အလွတ်သဘောလူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်လိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမီဒီယာများသို့အတည်ပြုပြောကြားသည်။
“အဓိကကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ လူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့ လုပ်တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ရခိုင်ပြည်သူတွေအတွက် အဓိက ကျတဲ့ စားနပ်ရိက္ခာ၊ စပါးရိတ်သိမ်းဖို့ အချိန် ရောက်လာတဲ့အတွက် မလို့ ပြည်သူတွေ အတွက် အလေးအနက်ထား စဉ်းစားပြီးတော့မှ လူသားချင်း စာနာမှုဆိုင်ရာအရ အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ရခိုင်သတင်းဌာနများကို ဖြေကြားထားသည်။
AA နှင့် အပစ်ရပ်စဲကြောင်းကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက BBC သတင်းဌာနမှ တစ်ဆင့်ယမန်နေ့(နိုဝင်ဘာ ၂၆) တွင်ပြောကြားပြီးနောက် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း နိုဝင်ဘာ ၂၆ရက်မှစ၍ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည်ဟု အတည်ပြုသည်။
လက်ရှိ အပစ်အခတ်ရပ်စဲလုပ်သော်လည်း နိုင်ငံရေးရပ်တည်ချက်က ပြောင်းလဲမည်မဟုတ်ဟုလည်းဦးခိုင်သုခကဆက်ပြောသည်။လူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုခြင်းနှင့် သဘောတူညီမှု အသေးစိပ်ကို ပြောကြားခြင်းမရှိသေးပေ ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ပြည်သူ ၉ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ခြင်း၊ နိုဝင်ဘာ ၁၆ရက်က မောင်တောမြို့နယ် ဂြစ်ချောင်းရွာမှ ကလေးကင်ပွန်းတပ်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ကျော်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ AAက စစ်ကောင်စီတပ်အပေါ် လက်စားချေသွားမည်ဟု နှစ်ကြိမ် တိုင် ကြေညာခဲ့သည်။ ထိုနောက် ၁၀ရက်ခန့် အကြာတွင် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေး သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“နှစ်ဖက်က အကြပ်အတည်းတွေရှိတယ်။ ULA/AA ဘက်ကတော့ ပြည်သူတွေရဲ့ အကြပ်အတည်းပေါ့။စစ်ရေးကတော့ သူ့ဘက်(AA)မှာ အဲဒီလောက်မရှိဘူး။ ပြည်သူတွေ ဒီနေ့ ရခိုင်ပြည်မှာ ဖြစ်နေတဲ့အခြေအနေ စားဝတ်နေရေးအခက်အခဲ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ ၊ တမင်လူတွေဝင်ပြီးသတ်တာတွေ၊ စပါးရိတ်တဲ့အချိန်မှာ လုပ်ငန်းခွင်မှာ အလုပ်မဖြစ်တာတွေ ကုန်စည်စီးဆင်းမှု ပြတ်တောက်တာတွေ ဒါတွေကို ချိန်ဆပြီး ပြည်သူတွေအတွက် သူ့ဘက်က ရပ်စဲတာ ဖြစ်နိုင်တယ်” ဟု ရခိုင်နိုင်ငံရေး သမား ဦးဖေသန်းက သုံးသပ်ပြောကြားသည်။
စစ်ကောင်စီဘက်ကမူ စစ်ရေးအကြပ်အတည်းများစွာရှိနေကြောင်း၊ စခန်းများစွာ လက်လွှတ်ခဲ့ရပြီး စခန်းကြီး အချို့မှာ ULA/AAက ဝိုင်းပတ်ပိတ်ဆို့ခံရပြီး ရိက္ခာပြတ်နေကြောင်း ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်က ပြည်သူလူထုသတ်ခြင်း၊ ရွာများမီးရှို့ခြင်းစသည့် ပြည်သူကို ထိခိုက်အောင်နည်းမျိုးစုံ လုပ်ဆောင်ခြင်းကြောင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က အပစ်ရပ်ပေးခဲ့ရသည်ဆိုခြင်းမှာ အဖြေဟုတ်၊မဟုတ်အပေါ် ထင်မြင်ချက်အပေါ် မေးမြန်းရာ ဦးဖေသန်းက “ အမှန်ကတော့ ဒါကတော့ ပြည်သူကို ဒုက္ခပေးတဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ရတယ်ဆိုတာ အစဉ်အလာတော့မရှိဘူး။ ဒါပေမဲ့ နှစ်ဖက် အကြပ်အတည်းရှိတာတော့ မှန်တယ်။ ပြည်သူတွေကလည်း ရခိုင်မှာ တော်တော့ကို အခြေအနေစိုးနေတယ်။ တချို့ဆို စားနပ်ရိက္ခာ ပြတ်တောက်တာတို့ နောက်ဆုံးဆေးဝါးတွေ ပြတ်တောက်တာက အစဖြစ်နေတော့ ရေဘူယျ လတ်တလော အခြေအနေအားဖြင့် ULA ဘက်က လိုက်လျောတာလို့ ထင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။
ကတိကဝတ်များ၊ စာချုပ်စာတမ်းများ မရှိဘဲ နားလည်မှုဖြင့်အပစ်ရပ်ခြင်းက ယခင်ကလည်း ပြုလုပ်ခဲ့ဖူးရာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ဖူးသည်ဟု၎င်းကပြောသည်။
AA အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့ဖူးသည်။ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာအထိ ရခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးခဲ့သော်လည်းKNU တပ်မဟာ ၅ ရှိ AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ကဗုံးကျဲတိုက်ခိုက်ခဲ့၍ AAတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီးများစွာဒဏ်ရာရပြီးနောက် စစ်တပ်နှင့် AAကြားစစ်ရေးပိုမိုတင်းမာလာသည်။ ထို့နောက်ပိုင်းမောင်တောမြောက်ပိုင်းနှင့် ပလက်၀၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်စခန်းများကို AAက အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း၊ မောင်တောမြောက်ပိုင်းမှ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်စခန်း အများအပြား ပြန်လည်ရုတ်သိမ်းခြင်းများရှိခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် တိုက်ပွဲနယ်မြေ ပိုမိုကျယ်ပြန့်လာပြီးပိုမိုပြင်းထန်လာသည်။ စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့ရာ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် ရခိုင်ဒေသအများအပြားရှိ ဒေသခံပြည်သူများစွာ အသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့သည်။စစ်ဘေးရှောင်ပြည်သူများလည်း တိုးလာခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဥ်ပြည်သူများကို သတ်ဖြတ် ၊နေအိမ်များကိုမီးရှို့ဖျက်ဆီးအကြမ်းဖက်နေသောစစ်ကောင်စီတပ်နှင့် AAက အပစ်ရပ်သဘောတူညီမှုအပေါ် ရခိုင်ပြည်သူများအပါအဝင်ပြည်သူအများစုကသဘောမကျကြဘဲ ၊ပြည်သူအချို့က သဘောကျသည်ကို ၎င်းတို့၏ ပြောကြားချက်များအရသိရသည်။
“အားနည်းချက်ကိုပြနေသလိုဖြစ်နေတယ်။ ရိက္ခာရှိလည်း မီးရှို့ ထွက်ပြေးနေရတာနှင့် ဘာထူးလဲ ကလေးတွေရဲ့ရှေ့ရေးကလဲ စစ်ရှောင်စခန်းမှာ အချိန်ကုန်နေတယ်။ ရန်သူက ရန်သူပီသတယ်နော်။ အ,ရင်တော့ခံရမှာပဲ ။သူတို့(စစ်ကောင်စီတပ်)ကဘယ်သူ့အပေါ်မှ ကတိတည်မှာမဟုတ်ဘူး” ဟု ရခိုင်အခြေစိုက်သတင်းဌာနဖြစ်သောWestern News၏ အပစ်အခတ်ရပ်ကြောင်းသတင်းအောက်တွင်ပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။
“AAရဲ့ဆုံးဖြတ်ချက်ကို လက်ခံပါတယ် ရခိုင်ပြည်သူအတွက်ကြည့်ပီးလုပ်တဲ့ကိစ္စမို့ နောက်တကြိမ်တိုက်ပွဲထော်ဆောင်ရင်း စကစရဲ့ ကန့်သတ်ပိတ်ဆို့မှုဒေကို ဘယ်လိုကျော်လွန်ရမလဲဆိုတဲ့ နည်းလမ်းလဲ စဥ်းစားသင့်တယ်”ဟု အခြားပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။
အပစ်ရပ်ခြင်းအပေါ်သဘောမကျသောပြည်သူတစ်ဦးက”ရခိုင်အိပ်မက်မိုးတိမ်နက်သို့လျှပ်စီးလက်မျှမိုးသာမရွာရေမပါဘဲလေထဲဝဲကာပျောက်ဆုံးမှာကိုမြင်ရောင်မိချေပါတကား”ဟုပြောသည်။
အခြားပြည်သူတစ်ဦးကမူ “AAအကြောင်းကိုမသိဘဲ ဘူးမသိဘမသိ ဝေဖန်နေတဲ့ကောင်တွေကိုမေးလိုက်မေ။ ခင်များတို့ဘာများသိလို့လဲလို့။ တော်လှန်ရေးဆိုတာ ပြောသလောက်လွယ်တယ်မှတ်လား။ အင်အားဆိုတာဖြည့်ရတယ်”ဟုပြောသည်။
“ဒီသတင်းကြားရတာ စိတ်မကောင်းပါ၊ စကစ နှစ် ၆၀ တိုက်လိုက် ချော့လိုက် ceasefire လုပ်လိုက် အကွက်ဟောင်းကြီးပဲ”ဟု ပြည်သူတစ်ဦးကသူ၏ အမြင်ကိုပြောသည်။
