ကရင်နီပြည် ဒီမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ WYစာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြား ၂,၅၃၅ ပြားအပါအဝင် လက်နက်နှင့် ငွေများ သိမ်းဆည်းရမိကြောင်း ကရင်နီပြည်ရဲအဖွဲ့ (KSP)က ယနေ့(နိုဝင်ဘာ ၂၇ရက်) ထုတ်ပြန်သည်။
အဆိုပါ ဖမ်းဆီးမှုကို ကရင်နီပြည်ရဲအဖွဲ့အမှတ်(၁) ရဲစခန်းမှ အဖွဲ့ဝင်များ၊ KNDF တပ်ရင်း (၈)၊ KNDF CDM မှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေအတွင်းရှိ ကျေးရွာတာဝန်ခံများက ပူးပေါင်းဆောင် ရွက်ခဲ့သည်ဟု ဆိုသည်။

“ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ သတင်းအရ ရှာဖွေရင်း တွေ့တာ။မူးယစ်ဆေး ဝါးတွေလက်ခံထားရှိသူ သုံးဦးလည်းမိခဲ့တယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကရင်နီပြည်နယ်ရဲအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ တစ်တောင့်ထိုးသေနတ် တစ်လက်ကိုလည်း ဖမ်းဆီးမှုအတွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်အတွင် မူးယစ်ဆေးဝါးများ သယ်ယူ၊ဖြန့်ဖြူးမှုများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မကြာခဏ ဖမ်းဆီးရမိနေပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ် ကြောင်း သတိပေးထားသည်။
