စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသော လက်နက်များတင်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ယနေ့မွန်းလွဲပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကလေး PDFက သတင်းထုတ်ပြန် သည်။
အိန္ဒိယနိုင်ငံက လွှဲပြောင်းပေးထားသော လက်နက် များအား သယ်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းသည် နိုဝင်ဘာ၁၄ ရက်မှစ၍ တမူးမြို့မှ ကလေးမြို့သို့ ထွက်ခွာလာရာ ယမန်နေ့ (နိုဝင်ဘာ၂၅ ရက်)တွင် ကလေးမြို့နယ်၊ ကလေး-တမူးလမ်းမဘေးရှိရာ ၁ အကျဥ်းစခန်းတွင် ညအိပ်ရပ်နားခဲ့သည်။

ထိုစစ်ကောင်စီယာဥ်တန်းအား ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမိနစ် ၂၀ခန့်ကစ၍ မွန်းလွဲ ၃ နာရီခန့်အထိ (၅၆)မိုင်ကျေးရွာနှင့် မြလေးတောင်ကျေးရွာကြားတွင် ကလေး PDF မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ခြောက်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF က အသိပေးသည်။
ထို့အပြင် ဒရုန်းနှင့် အခြားလက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆုံးမိုင်းခွဲတိုက်ခိုက်မှုတွင် လမ်းသားပြတ်ထွက်သွားပြီး စစ်ကောင်စီယာဥ်တန်းများ ရှေ့ဆက်မတိုးနိုင် တော့ဘဲ မြလေးတောင်တောင်ခြေ၌ ညအိပ်ရပ်နားခဲ့သည်ဟု ကနဦးသိရကြောင်း PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု PDFက ဆိုသည်။
“မိုင်းခွဲတာ လမ်းမကြီးတောင်ဖွာထွက်ပြီး လမ်းသားပြတ်ထွက်သွားတယ်။ စစ်ခွေးတွေလည်းတော်တော် အထိနာသွားတယ်”ဟု People’s Defence Force (Kalay)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးတင်းမာမှု အခြေအနေအရ ကလေး-တမူး လမ်းမကြီးအား အများပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က ထပ်မံသတိပေးထားသည်။
