စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီဆပ်ားအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဥိီးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်စစ်ဒေသ)အဖွဲ့က ပြောသည်။
ယနေ့(နိုဝင်ဘာ ၂၆ ရက်)မွန်းလွဲ ၁နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်ရှိသော ရွှေဘိုမြို့ဝင်စစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်သားတစ်ဦး သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက် စစ်ဒေသ)အဖွဲ့က ပြောသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်စစ်ဒေသ) ၏ မြို့ပြစစ်ဆင်ရေးတပ်ဦး ရဲဘော်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသော စစ်သားများက အိမ်စီးကားဖြင့် ရဲဘော်များအား လိုက်လံပစ်ခတ်ခဲ့သော်လည်းတပ်ဦး ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။
ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
