တမူးမြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းတွင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် အကျဥ်းသား ၁၀ဦးကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် ခေါ်ဆောင် သွားကြောင်း တမူးမြို့ခံများက ပြောသည်။
စစ်ကောင်စီသည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်း သယ်ယူလာပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တားဆီးနိုင်ရန် ကြိုးစားနေသည်။

ထိုသို့ တိုက်ခိုက်ခံရမည်ကိုကြောက်ရွံ့နေသည့် စစ်ကောင်စီတပ်က အကျဥ်းသား ၁၀ဦးကိုလူသားတံတိုင်းအနေဖြင့် ခေါ်ဆောင်သွားသည်ဟု တမူးမြို့ခံများက သုံးသပ်ပြောဆိုသည်။
“အကျဥ်းသားမိန်းကလေး သုံးယောက်ပါတယ်။ လူသားတံတိုင်းလုပ်ပြီးခေါ်သွားတာ။တချို့နေရာတွေမှာ ရှေ့ကနေ လမ်းလျှောက်ခိုင်းတာ”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီယာဥ်တန်းသည် တမူးမြို့မှ နိုဝင်ဘာ ၁၅ရက်တွင် ထွက်ခွာလာခြင်းဖြစ်သည်။ ယခုအခါ တမူး-ကလေး အာရှလမ်းမကြီး မိုင်တိုင်(၅၆) ဝန်းကျင်တွင် ရောက်ရှိနေသည်။ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ကလေး-တမူး လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် People’s Defence Force (Kalay)က သတိပေးချက်ထုတ်ပြန်ထားသည်။
