မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက နံနက် ၈ နာရီခန့်က အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာသည်ဟုဆိုကာ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဆိုင်ကယ်စီးနင်းချိန်နှင့် တစ်ဦးတည်းသာစီးနင်းရန် စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားသော ပခုက္ကူမြို့တွင် ယနေ့(နိုဝင်ဘာ ၂၆ ရက်) နံနက်၇နာရီခန့်က ပခုက္ကူမြို့ ရွှေချောင်းအဝိုင်းအနီး အမျိုးသမီးနှစ်ဦးဆိုင်ကယ်စီးလာ၍ စစ်ကောင်စီ၏ စစ်သားနှင့်ရဲများက ရပ်ခိုင်းရာ မရပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးက ပခုက္ကူကျွန်းဘက်ကလို့ သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
သို့သော် ပစ်ခတ်ခံရသော အမျိုးသမီးနှစ်ဦး၏ နောက်ဆုံးအခြေအနေကို ထပ်မံမသိရသေးပေ။
ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ ဆိုင်ကယ်စီးနင်းမှုကန့်သတ်လိုက်ခြင်းကြောင့် ပခုက္ကူဒေသခံအများအပြား အခက်အခဲတွေ့နေရသည်။
“စျေးဝယ်လဲ မလာကြတော့ဘူး။ ၈ နာရီကျရုံးချိန် သင်တန်းချိန်ဖြစ်နေတော့ လာဝယ်မစားကြတော့ဘူး။ တကယ်ဒုက္ခရောက်တယ်။ ကလေးတွေအကြိုအပို့ ဆိုင်ကယ်နဲ့သွားမရတော့ဘူး။ စျေးသမားတွေအကုန်လုံးပဲ အခက်တွေ့ကုန်ပြီ။”ဟု ပခုက္ကူမြို့ခံစျေးသည်တစ်ဦးက ပြောသည်။
ပခုက္ကူမြို့တွင် စစ်ကောင်စီလက်အောက်ခံများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရ၍ နိုဝင်ဘာ ၂၄ ရက်ကစတင်ကာ မြို့နယ်အတွင်း ဆိုင်ကယ်နှစ်ယောက်မစီးရန်၊ ညနေ ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်ထားခြင်းဖြစ်သည်။
