စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီတပ်က မြစ်တော်ကျေးရွာကို မီးရှို့သွားပြီး အဘိုးအိုတစ်ဦးကိုပါ ပစ်သတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ညက မြစ်တော်ကျေးရွာအတွင်း ညအိပ် ခဲ့သော အင်အား ၈၀ကျော်ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များအား ယနေ့နံနက် ၇ နာရီဝန်းကျင်က စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။
စစ်ကောင်စီတပ်သည် မြစ်တော်ရွာ၌အဘိုးအိုတစ်ဦးကို ပစ်သတ်သွားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။
“ဘယ်လိုပစ်သတ်တာလဲဆိုတာ အတိအကျ မသိရပါဘူး။ အမည် ဦးလှ၀င်းပါ။ အသက်က ခန့်မှန်း ၆၅နှစ် ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ ၁၅ အိမ်ကျော် မီးရှို့သွားတယ်လို့ သိရပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးငယ်များဖြင့်ပါ ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ကံသစ်ရွာထဲ ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ရွှေဘို-ခင်ဦးလမ်းပိုင်းနှင့် ခင်ဦး-ရေဦးလမ်းပိုင်းများအား လမ်းတစ်လျှောက်ကင်းပုန်းများချထားသည်။
နိုဝင်ဘာ ၁၅ ရက်ကစပြီး ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းကျေးရွာ၉ ရွာရှိ နေအိမ်၅၄၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့သည်။ သတ်ဖြတ်ခံရသည့် ပြည်သူနှင့်ရဲဘော် ၁၈ ဦးထက်မနည်း ရှိသည်။ စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူ သောင်းချီရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။
