စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ကျောက်စိမ်းတင်ယာဥ်တန်းအပါ အဝင် စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောကြားသည်။
ယမန်နေ့ (နိုဝင်ဘာ၂၅ ရက်)နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မုံရွာမှ မန္တလေးမြို့ဘက်သို့လာသော ကျောက်စိမ်းကားကြီး လေးစီးနှင့် နောက်မှကပ်ပါလာသော ကင်းကား တစ်စီးအား ပဒေသာမိုင်း (၇)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် လေးစီးမြောက်ယာဉ်နှင့် နောက်ဆုံး ကင်းကားအား တည့်တည့်ထိပြီး ငါးဦးသေ သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။
ထို့အပြင် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မုံရွာမှ မန္တလေးမြို့ဘက်သို့လာသော စစ်ကား နှစ်စီးသည် မိုင်းအသင့်ပြင်ထားရာနေရာအရောက် ကားများရပ်တန့်ခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် ကင်းပုန်းများလည်း ၃၀ကျော်ခန့် ချထားသည်။
ထိုအချိန် ပဒေသာမိုင်း လေးလုံးခွဲကာ တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးလုံးနှင့် ကင်းပုန်းဝပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၂၀ဝန်းကျင် ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။
“ပထမဖြစ်စဥ်က ကျောက်စိမ်းတင်လာတဲ့ကားတွေပါ။ ဒုတိယဖြစ်စဥ်မှာ မိုင်းဆင်ထားတဲ့နေရာ ကားတွေရပ်လိုက်တာက မသိလို့ပဲဖြစ်မှာပါဗျ။ပွိုင့်ပတ်ပတ်လည်မှာလည်း ကင်းပုန်းတွေချထားတာ။ အဲ့မှာကားနှစ်စီးနဲ့ ပွိုင့်ပေါ်တည့်တည့်လာရပ်လို့ဆွဲချလိုက်တာပါ။”ဟု PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။
ရုပ်အလောင်းများအား ထပ်ပုံထားသည်ဟုဆိုပြီး ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံပို့ဆောင်ထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။
ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။
