စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် BLACK WOLF – PDF အဖွဲ့ စတင်တည်ထောင်သူများတွင်ပါဝင်သည့် ရဲဘော်ကိုလှိုင်ဝင်း ခင်ဦးမြို့နယ် တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း BLACK WOLF – PDF တာဝန်ခံက ပြောသည်။
ကျဆုံးခဲ့သောရဲဘော်ကိုလှိုင်ဝင်းသည် BLACK WOLF – PDF ပေါ်ပေါက်လာအောင် စတင်ကတည်းကကူညီပံ့ပိုး တည်ထောင်ပေးခဲ့သော အဓိက Fundriser (ရန်ပုံငွေရှာဖွေပေးသူ)တစ်ဦးလည်း ဖြစ်ကြောင်း၊ BLACK WOLF – PDF သည် ကိုလှိုင်ဝင်း၏ တည်ဆောက်ပေးမှု၊ ကူညီဖေးမမှုနှင့်အတူ တော်လှန်ရေးကာလအတွင်း အင်အားကြီးမားစွာ တည်ဆောက်နိုင်ခဲ့ကြောင်း BLACK WOLF – PDF ကထုတ်ပြန်သည်။
ကိုလှိုင်ဝင်းသည် နိုဝင်ဘာလ ၂၃ ရက်နေ့က တိုက်ပွဲတွင်ရှေ့တန်းတစ်နေရာ၌ ကျဆုံးခဲ့ပြီးအဖွဲ့သားများ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ကိုလှိုင်ဝင်းအတွက် စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အဖွဲ့က အသိပေးသည်။
“Black Wokf pdfက သူ့ကြောင့်ပေါ်ပေါက်ခဲ့တာပါ။ လက်စားချေတိုက်ခိုက်သွားမယ်လို့ကတိပြုပါတယ်”ဟု BLACK WOLF – PDFတာဝန်ခံက ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ကစစ်ကောင်စီတပ်များသည်ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး မုံလှကျေးရွာဘက်သို့ဝင်လာချိန် လမ်းတစ်လျှောက်၌ PDFများထောင်ထားသောပဒေသာမိုင်းများအပြင်းအထန်ထိခဲ့သည်။ထို့နောက်စစ်ကောင်စီတပ်နှင့် PDFများတိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီးအထိနာခဲ့ကြောင်း KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။
ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
ထိုအပြင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူနှစ်ဦးလည်း သေဆုံးခဲ့သည်။
