မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့မှစ၍ ဆိုင်ကယ်စီးလျှင် တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း လုံးဝမပြုရန် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တားမြစ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ၎င်းတို့၏ရုံးဌာနများသို့ မိုင်းခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ခံနေရကြောင်း၊ ထိုတိုက်ခိုက်မှူများကို မော်တော်ဆိုင်ကယ်ဖြင့် ပြုလုပ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ပခုက္ကူထွေအုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ယနေ့ (နိုဝင်ဘာ ၂၄ ရက်)ကစပြီး ပခုက္ကူမြို့နယ်အတွင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဆိုင်ကယ်စီးနင်းရန်၊ ဆိုင်ကယ်စီးရာတွင် မောင်းနှင်သူတစ်ဦးတည်းသာစီးနင်းရန်၊ ညနေ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း မပြုလုပ်ရန် စစ်ကောင်စီက ကန့်သတ်လိုက်သည်။
ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။
“ဒုက္ခကတော့များတာပေါ့။ ဥပမာ ပစ္စည်းနောက်ကသယ်တဲ့သူတွေတို့ ဆိုင်ကယ်မစီးတတ်တဲ့သူတွေတို့ အတော်ဒုက္ခရောက်တယ်။ အလုပ်သမားတွေရော။ အမျိုးသမီးတွေနှစ်ယောက်မစီးရတာကြီးကတော့အတော်ဆိုးတယ်အခုလိုခေတ်ကြီး အမျိုးသမီးတစ်ယောက်တည်း သွားလာဖို့ဆိုတာ အန္တရာယ်များတယ်လေ။”ဟု ပခုက္ကူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်မှုအားကောင်းသည့်နယ်ဒေသများတွင် ဆိုင်ကယ်အား နှစ်ယောက်မစီးရန် ကန့်သတ်ထားပြီး ဖမ်းဆီးစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေသည်။
