နိုင်ငံရေးအကျဉ်းသားအနည်းငယ် လွှတ်ပေးပြီး ရက်ပိုင်းအကြာမှာတင် စစ်ကောင်စီဟာ NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပုသိမ်အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ် ၂၀ စီချလိုက်ပါတယ်။
ထောင်ဒဏ် နှစ် ၂၀ စီချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုသိမ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွဋ် ၊ သာပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ၊ သာပေါင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးတို့ဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၂ ရက် မှာ ပုသိမ်ထောင်တွင်းစစ်ကောင်စီတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊နိုင်ငံတော်သစ္စာဖောက်ဖျက်မှုတွေနဲ့ ထောင်ချခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
သူတို့ ၃ ဦးကို အာဏာသိမ်းပြီး တစ်လအကြာ တိမ်းရှောင်နေတဲ့နေရာမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
NLD ပါတီရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးထားချိန်ကာလအတွင်း ၂ ဦး ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။
