မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ GZP ရဲ့ ဒုခေါင်းဆောင်အပါအဝင်အဖွဲ့ဝင် ၄ ဦး စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်မှုကြောင့်ကျဆုံးသွားပြီးနောက် လုံခြုံရေးအရ လွတ်မြောက် နယ်မြေကို တိမ်းရှောင်နေရတယ်လို့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
အဲဒီအဖွဲ့ဟာ Mandalay UG Wolf Army ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေကို ဆုတ်ခွာသွားပြီဖြစ်ကြောင်းနဲ့အခွင့်အခါသင့်ရင် မန္တလေးမှာမြေပြင်လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ( နိုဝင်ဘာ ၂၁ ) နေ့ခင်းပိုင်းက မန္တလေး ၊ပုသိမ်ကြီးမြို့နယ် ထဲက တီဘီဆေးရုံရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၄ ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။
ပစ်သတ်လို့သေဆုံးသွားသူ ၄ ဦးဟာ မန္တလေးအခြေစိုက် Generation Z Power (GZP) အဖွဲ့ ဒုခေါင်းဆောင် ၊ ဘဏ္ဍာရေးတာဝန်ခံနဲ့ အဖွဲ့ဝင် ၂ ဦးဖြစ်တယ်လို့စစ်ကောင်စီဘက်ကသတင်းဖြန့်ထားပါတယ်။
GZP နဲ့ မဟာမိတ်ဖြစ်တဲ့ Mandalay UG Wolf Army ကလည်း ကျဆုံးသွားသူတွေဟာ GZP အဖွဲ့ဝင်တွေဖြစ်ပြီး စစ်အုပ်စုရဲ့ ဥပဒေမဲ့ သတ်ဖြတ်တာခံလိုက်ရတယ်လို့ဆိုထားပါတယ်။
စစ်အုပ်စုဟာ မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ကို ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေပြီး PDF တွေခြေချစရာမရှိစေရဆိုတဲ့ ဝါဒဖြန့် ရုပ်သံဖိုင်တစ်ခု ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်ကနေ ဖြန့်ဝေလာပါတယ်။
Photo – (STR/AFP)
