မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းနှင့်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာလာသည့် စစ်အုပ်စုကို ပေပါမိုင်း၊ တိုက်မိုင်းများဖြင့် တိုက်ခိုက်ရာ အကျအဆုံးများကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောသည်။
မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာအား မီးရှို့ဖျက်ဆီးပြီး မြိုင်ဘက်ကို ခြေလျင်စစ်ကြောင်းဖြင့် ပြန်လည်ဆုတ်ခွာလာသော စစ်ကောင်စီတပ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ရွာနှင့် ယာကြီးပြင်ရွာအကြား ယာကြီးပြင်ရွာ၏အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်အုပ်စုဝင်များအား ပေပါမိုင်းတစ်လုံးဖြင့်ဦးစွာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လဲကျသွားပြီး အများအပြားထိခိုက်သွားကြောင်း၊ ၎င်းတို့ရုတ်ရုတ်သဲသဲဖြစ်သွားချိန်တွင် တိုက်မိုင်းများဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့်ရဲ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BlackGod၏ ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောသည်။
သေဆုံးရဲနှင့်စစ်သားများကို မိုင်းဆွဲခံရသည့် နေရာနှင့် ကိုက်နှစ်ရာခန့်အကွာတွင် အမိန့်ပြန်သွားခဲ့သည်ကို ဒရုန်းကင်မရာကတဆင့် မျက်မြင်တွေ့ရှိခဲ့ရပြီး စစ်အုပ်စု မိုင်းဆွဲခံရသည့်နေရာ၌ မှန်ပြင်ကွဲနေသော ဖုန်းရှစ်လုံးအား သိမ်းဆီးရမိခဲ့ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
“လက်နက်တွေဘာတွေတော့ မသိမ်းလိုက်နိုင်ဘူး။ ကျွန်တော်တို့လည်း ပစ်စရာလက်နက်မရှိတော့ မိုင်းဆွဲပြီး ပြေးရတာပဲ။ ဗွီဒီယိုကို ရိုက်ချိန်မရလိုက်ဘူး။ သူတို့တွေ မြိုင်မြို့ပေါ်ကိုတော့ မနေ့ညနေက ရောက်သွားပြီ။”ဟု BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောသည်။
ထိုစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ တပ်ခွဲ ၃၊ BlackGodပြောက်ကျားတပ်ဖွဲ့ မှတပ်စုမှူး ရဲဘော်ဒဿနှင့်၊ တပ်စုမှူး ရဲဘောယောလေး တို့ဦးဆောင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါစစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့က ခွေးမွှေးရွာမှပြန်ထွက်ချိန် ဒရုန်းဖြင့်ကင်းထောက်ခဲ့စဥ် ပစ်ခတ်ခံရ၍ ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ကြောင်း၊ ဒရုန်းပြန်လည်ဖြည့်တင်းရန်အတွက် ဝိုင်းဝန်းကူညီပေးရန် BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကမေတ္တာရပ်ခံသည်။
