မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ဖို့ ရုရှားအစိုးရပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့စစ်ကောင်စီတို့ကြား နိုဝင်ဘာလ ၂၂ ရက် က သဘောတူလက်မှတ်ထိုးလိုက်ကြပါတယ်။
ဒီလို လက်မှတ်ထိုးတာဟာ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်ဖို့ ဖြစ်နိုင်ခြေတွေနဲ့ လေ့လာမှုတွေ လုပ်နိုင်ဖို့ ဖြစ်တယ်လို့ Rosatom ဘက်က ထုတ်ပြန်ထားပါတယ်။
အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။
ရုရှာနဲ့ မြန်မာစစ်ကောင်စီတို့ကြားလက်မှတ်ထိုးတဲ့နေ့ဟာ ဖိလစ်ပိုင်ကိုရောက်ရှိနေတဲ့ အမေရိကန်ဒု သမ္မတက ဖိလစ်ပိုင်ရဲ့ စွမ်းအင်ကဏ္ဍအတွက် အရပ်ဘက်သုံး နျူကလီးယား နည်းပညာကူညီပေးသွားတယ်လို့ ကြေညာလိုက်တဲ့ ရက်နဲ့ တိုက်ဆိုင်နေပါတယ်။
စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံမှာ နျူကလီးယား စွမ်းအင်ကို အရပ်ဘက်သုံးမှာဖြစ်ပြီး စစ်ဘက်သုံးဖို့ မဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားကိုရောက်နေတဲ့ စစ်ကောင်စီ သိပ္ပံနဲ့နည်းပညာဝန်ကြီးဟာ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကိုသွားရောက်လေ့လာထားပါတယ်။
ဒါအပြင် အဲဒီခရီးစဉ်အတွင်း ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာအချက်အလက်စင်တာ တည်ဆောက်ဖို့ ရုရှားနဲ့မြန်မာကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
