စစ်အုပ်စု၏လက်နက်ကြီးကျည်ထိ၍ ပြည်သူနှစ် ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးပြီး ၎င်းတို့ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။
ယမန်နေ့ ညပိုင်းက ကျောက်တိုင် နှင့် ကျီစုကျေးရွာများအား မီးရှို့ပြီး ယာယီညအိပ်နေသော စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများအား မီးထပ်ရှို့ပြီး ပင်စိမ်းကင်းရွာဟောင်းဘက်ဦးတည်၍ မုံလှကျေးရွာသို့ ဝင်လာခဲ့သည်။
ထိုအချိန်တွင် စစ်အုပ်စုမှာ မိုင်းအပြင်းအထန်ထိကာ ကာကွယ်ရေးအဖွဲ့များနှင့် ထိပ်တိုက်ပစ်ခတ်မှု အချိန် အနည်းကြာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးနိုင်ကြောင်း KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။
စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုအချိန်တွင် ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကား နှစ်စီးသည် မုံလှကျေးရွာဘက်ကို လက်နက်ကြီး ကူပစ်ခဲ့၍ ဒေသခံပြည်သူ နှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။
ထို့အပြင် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ ပစ်ခတ်ခံခဲ့ရသည်။
ညနေ ၃နာရီကျော်တွင် ရဟတ်ယာဥ် ပြန်ဆုတ်သွားပြီး စစ်အုပ်စုက မုံလှကျေးရွာအတွင်းသို့ ရောက်ရှိလာ၍ ကာကွယ်ရေးအဖွဲ့များနောက်ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။
စစ်အုပ်စုသည် မုံလှကျေးရွာအား မီးရှို့ခဲ့ကြပြီးယနေ့ညပိုင်းအထိ မုံလှရွာတွင် ယာယီညအိပ် စခန်းချခဲ့သည်ဟု သိရသည်။
ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း ယနေ့ယနေ့ညနေ ၅နာရီ ခွဲခန့်တွင် ဗအိုးကျေးရွာသို့ ဝင်ရောက်လာ၍ ပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရသည်။
ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသော ကျေးရွာပေါင်း(၂၀)အထိရှိပြီး စစ်ရှောင်ပြည်သူပေါင်း ထောင်ချီအထိ ရှိနေကာ အကူညီများလည်း အရေးပေါ် လိုအပ်နေကြောင်း၊ စစ်ရှောင်များအား နီးစပ်ရာရွာများက အကူအညီပေးကြရန်နှင့် စစ်ကြောင်းတလျှောက်ရှိ ကျေးရွာများမှာ စစ်အုပ်စုနှင့်ဝေးရာသို့ ရှောင်တိမ်းကြရန် KURDAFအဖွဲ့က မေတ္တာရပ်ခံထားသည်။
