တော်လှန်ရေးအတွက်ဟုဆိုကာ အမည်ဖော်ပြထားခြင်းမရှိသော အဖွဲ့အစည်းတစ်ခုက လွိုင်ကော်မြို့နေ လုပ်ငန်းရှင်တစ်ဦးအား ကျပ်သိန်းရာနှင့်ချီ ခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။
ထို့ကြောင့် ငွေပေးပို့ရန် ယနေ့(နိုဝင်ဘာ ၂၃ရက်) ချိန်းဆိုထားသည့်နေရာသို့ KNDF ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့မှ အရာရှိများ၊နယ်မြေခံတပ်မှူးများသည် တပ်ဖွဲ့ဖြင့် ကြိုတင်ဖြန့်ကျက်ကာ နေရာယူစောင့်ကြည့်ခဲ့ကြောင်း အသိပေးသည်။
ဖမ်းဆီးစစ်ဆေးရန်ရည်ရွယ်ခဲ့သော်လည်း ငွေကြေးတောင်းခံသူများက အလျင်အမြန်လှည့်ပြေးသွားခဲ့ပြီး ထိုသူတို့မှာ မည်သူမည်ဝါ ဖြစ် ကြောင်း အမည်နှင့်တကွ မည်သည့်အဖွဲ့မှဖြစ် ကြောင်း မျက်မြင် သက်သေရရှိခဲ့သည်ဟု KNDF က ပြောသည်။
“အဓိကတော့ တော်လှန်ရေးအကြောင်းပြပြီး ပြည်သူတွေဆီက ငွေမညှစ်ဖို့ပါ။လက်နက်ကိုင် အာဏာရှင်ကို တွန်းလှန်ရင်း ကိုယ်တိုင်အာဏာရှင်ဖြစ်မသွားစေဖို့ တိုက် တွန်းလိုပါတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။
ယခင်ကလည်း ထိုကဲ့သို့ ဖမ်းဆီးငွေညှစ်ခြင်းကဲ့ သို့သော တိုင်ကြားမှုနှင့် ငွေကြေးတောင်းခံသူကို လက်ပူးလက်ကြပ်မိခဲ့ခြင်းများကြုံခဲ့ရပြီးအသေ အချာမျက်မြင်သက်သေ ရယူခြင်းများလည်း မကြာခဏ ပြုလုပ်ခဲ့ရကြောင်းလည်း ဖော်ပြသည်။
ဒေသတွင်းအခြေပြုသည့် အင်အားစုများဖြစ် သောကြောင့် အကျယ့်တဝင့်မဆောင်ရွက်ဘဲ ငွေကြေးကို ပိုင်ရှင်ထံပြန်အပ်စေပြီး အခြားနည်းလမ်းများဖြင့် ထိန်းကျောင်းခဲ့ရသည်ဟု ဆိုသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် လိုအပ် ချက်များစွာရှိသည်ကို ထပ်တူနားလည်ပြီး ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး လုံခြုံမှုကင်းမဲ့သောဘဝကို စစ်ကောင်စီနည်းတူ မဖန်တီးရန်လည်း KNDF က မေတ္တာရပ်ခံသည်။
ပြည်သူကို ပွင့်လင်းညင်သာစွာအကူအညီတောင်းခံပြီး ကြည်ဖြူစွာလှူလာသည့် အကူအညီကိုသာ ရယူရန်လည်း တိုက်တွန်းထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအင်အားစုများကို ကူညီသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြုလုပ်သည့် အလှူခံအစီအစဥ် ကန်ပိန်း၊တရားဝင်တာဝန်ပေးအပ်ခံထားရသည့် ပုဂ္ဂိုလ်များဖြင့်သာ ဆက်သွယ်ထောက်ပံ့ခြင်းသည် နှစ်ဦးနှစ်ဖက်ပိုမိုအကျိုးရှိစေ ကြောင်း KNDF က အသိပေးသည်။
အဓမ္မခြိမ်းခြောက် ငွေညှစ်မှုများကြုံရပါက မ ပေးဆောင်ရန် နှင့် ဆက်သွယ်တိုင်ကြားပြီး KNDF အနေဖြင့် အကာကွယ်ပေးခြင်း၊ဟန့်တားပေးခြင်းနှင့် လိုအပ်ပါက အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အလားတူ ၎င်းတို့တပ်ဖွဲ့ဝင်များဖြစ်ပါက စစ်ဘက်ဆိုင်ရာ အက်ဥပဒေဖြင့် အရေးယူမည်ဟု
KNDFက ကတိပြုသည်။
