စစ်တပ်အာဏာသိမ်းပြီးနောက် ၂၁ လကျော်အကြာမှာ သြစတြေးလျဘဏ် ANZ ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
ANZ ဘဏ်ထွက်ခွာမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပ ဘဏ် တစ်ခု ပထမဆုံးအကြိမ် မြန်မာနိုင်ငံကနေ ထွက်ခွာတာဖြစ်ပြီး ဒီထွက်ခွာမှုဟာ ပြည်တွင်းမှာ ကျန်နေဆဲ ပြည်ပဘဏ်တွေအပေါ်ရိုက်ခတ်မှုရှိလာမှာပါ။
ANZ ဘဏ်ဟာ စစ်ကောင်စီရဲ့အင်းဝဘဏ်နဲ့ငွေကြေးလွှဲပြောင်းမှုတွေရှိတယ်လို့ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ Distributed Denial of Secrets အဖွဲ့က ဖွင့်ချပြီးနောက်မှာ ANZ က မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ဆုံးဖြတ်ချက်ထွက်လာတာပါ။
” ဒေသဆိုင်ရာ လုပ်ငန်းလည်ပတ်မှုအပေါ် သေသေချာချာစဉ်းစားပြီးမှဒီဆုံးဖြတ်ချက်ချတာ” လို့ ANZ ဘဏ်ရဲ့ နိုင်ငံတကာမန်နေဂျင်းဒါရိုက်တာ ဆိုင်မွန်အိုင်ယာလန်က ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်း ANZ ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လာမယ့်နှစ် အစောပိုင်းရပ်နားမယ်လို့သိရပါတယ်။
ANZ ဘဏ်ဟာမြန်မာနိုင်ငံမှာ ဝန်ထမ်း ၂ ဒါဇင်ခန့်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကဏ္ဍစုံက နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေထွက်ခွာရာမှာ ANZ ဘဏ်ရဲ့ထွက်ခွာမှုဟာ ပြည်ပ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေနဲ့ ပထမဆုံးထွက်ခွာတာဖြစ်ပါတယ်။
