မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သောမိုင်းကြောင့် မိုင်းရှင်းပေးသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေ ၄ နာရီခန့်က ဗဟင်း ကျေးရွာရှိ စာသင်ကျောင်းနှင့်ရဲစခန်းကြားလမ်းတွင် မိုင်းရှင်းလင်းရေးဆောင်ရွက်နေသော (၂၂)နှစ်အရွယ် ဝှီးမောင်းသမားသည် စစ်ကောင်စီတပ် ထောင်ထားခဲ့သော ခြေနင်းမိုင်း ထိမှန်ခဲ့ကာ ညာဘက်ခြေသလုံးအောက်ပိုင်းတစ် ခုလုံး စုတ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ်သည် ဗဟင်းကျေးရွာတွင် ဝှီးဖြင့် မိုင်းရှင်းလင်းရေးပြုလုပ်ပြီးအပြန် ဆိုင်ကယ်လှည့်ရာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော ခြေနင်းမိုင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး-မြိုင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။
