စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ် ရာရခဲ့သည်။
စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကလေးမြို့နယ် ဆည်ကြီးရွာနှင့် ဒွန်းဝိုင်းချောင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
” တိုက်ပွဲမဖြစ်ဘဲ ပစ်နေတာ။အသက် ၆၃နှစ်အရွယ် အဒေါ်ကြီးတစ်ယောက် အိပ်ယာထဲမှာလှဲနေချိန် လက်နက်ကြီးထိတာ။ ဗိုက်ပွင့်ပြီးသေဆုံးသွားတယ်။ နောက်တစ်ယောက်က ဒဏ်ရာတွေရတယ်။ စိတ်ထဲ လုံးဝမကောင်းဘူး “ဟု People’s Defence Force (Kalay) မှပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း အင်အားတိုးမြှင့်ထားပြီး ယခင်ကထက် လက်နက် ကြီးအသုံးပြုမှု ပိုမိုပြုလုပ်လာသည်ဟု ပြည်သူ့ကာ ကွယ်ရေးရဲဘော်များက ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ကလေး-တမူး လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန်လည်း People’s Defence Force (Kalay) က သတိပေးထုတ်ပြန်ထားသည်။
