စစ်ကိုင်းတိုင်း တမူးမြို့မှ ကလေးမိခင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်(၁)နှစ်ခန့်အကြာတွင် ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်လိုက်သည်။
တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။
“ဖမ်းပြီး ၁နှစ်ပြည့်ကာနီးမှာ အမိန့်ချတာ။ ၁၀နှစ်ချတာ။ သူ့မှာ အသက်(၉)နှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်။ သူက ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်ပါ”ဟု ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်၏ သူငယ်ချင်းတစ်ဦးက ပြောသည်။
အသက် (၃၀)ဝန်းကျင်ခန့် ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီတပ်က ၂၀၂၁နိုဝင်ဘာ ၂၃ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံ ငွေကြေးထောက်ပံ့ သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ယနေ့(နိုဝင်ဘာ ၂၁ရက်)တွင် ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။
တမူးမြို့တွင် ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်အပါအဝင် စစ်ကောင်စီကမတရားဖမ်းဆီးသူများကို အမိန့်ချနေသူမှာ လက်ရှိ ခရိုင်တရားသူကြီး ဦးလှဦးဖြစ်သည်ဟု တမူးမြို့ခံများက ပြောသည်။
