မကွေးတိုင်း ထီးလင်းမြို့နယ် ညီညွတ်ရေးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်အား ပိုမိုထိရောက်စွာတော်လှန်နိုင်ရန် Asia Defence Force (ADF)နှင့် ပူးပေါင်းလိုက်ကြောင်း ယောတော်လှန်ရေးတပ် -YRA မှ တာဝန်ရှိသူက ပြောသည်။ ယနေ့(နိုဝင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်သည်။
“ထီးလင်းမြို့တည်းမှာပဲ ကျစ်ကျစ်လစ်လစ်ခိုင်ခိုင် မာမာရှိတဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာစေဖို့အတွက် ရည်ရွယ်တယ်။အဲဒါကို ကျွန်တော်တို့ ချမှတ်ထားတဲ့ လမ်းကြောင်းကို ထီးလင်းမြို့နယ်တွင်းမှာရှိတဲ့ Asia Defence Force(ADF)တပ်ဖွဲ့ကလည်း လက်ခံတယ်။အဲဒါကြောင့် ကျွန်တော်တို့ နဲ့ ပူးပေါင်းဖို့ သူတို့တပ်ဖွဲ့ကို ဖျက်သိမ်းပြီး ကျွန် တော်တို့နဲ့ ပေါင်းစည်းလိုက်တာပါ”ဟု YRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းစဥ် အတိုင်းရှေ့ဆက်တိုက်ပွဲဝင်မည်ဟုလည်း ၎င်းက အသိပေးသည်။
YRA နှင့် ပူးပေါင်းလိုက်သည့် Asia Defence Force(ADF)တပ်ဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ထီးလင်းမြို့နယ်ကာကွယ်ရေးတပ် ဖွဲ့ တစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့ခွဲတစ်ခုဖြစ်သည်။
ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)အနေဖြင့် ၎င်းပူးပေါင်းမှုအားဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။
လက်ရှိ ယောဒေသထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မြို့၏အရှေ့ဘက်ခြမ်းသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်းလည်း သိရသည်။
