ကလေး-တမူးလမ်းမကြီးအားယနေ့မှစ၍ (၇) ရက်အတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် People’s Defence Force (Kalay) က ထပ်မံ၍ သတိပေးချက်ထုတ်ပြန်သည်။
စစ်ကောင်စီနှင့်စစ်ရေးပိုမိုတင်းမာလာ၍ကလေး-တမူးလမ်းမကြီးအား သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အသေးစိပ်ကိုမူ မပြောလိုသေးဟုဆက်ပြောသည်။

“ကလေးမြို့နယ်အတွင်းလက်ရှိစစ်ရေးဆက်လက်တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမကြီးအား ထပ်မံ၍ ယခု ရက်သတ္တပတ် (၇) ရက်အတွင်း အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် မေတ္တာရပ်ခံထပ်မံသတိပေးအပ်ပါသည်။ သတိပေးချက်ကိုမလိုက်နာဘဲဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်များနှင့်နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုစေလိုပါသည်” ဟု ကလေးPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တမူး-ကလေးလမ်းကို နိုဝင်ဘာ ၁၃ မှစ၍ ၁၉ အထိပထမတစ်ပါတ်ပိတ်ခဲ့ရာမှ ယခုတစ်ပါတ်ထပ်ပိတ်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ကား ၁၄ စီးခန့်ဖြင့်အိန္ဒိယနိုင်ငံ နယ်စပ်မှတစ်ဆင့် စစ်လက်နက်ပစ္စည်းများကို တမူးမြို့ ထိုမှကလေးမြို့ကို သယ်ဆောင်နေခြင်းဖြစ်ကြောင်း PDF(ကလေး) တပ်ရင်း-၃ မှ တာဝန်ရှိသူကပြောသည်။

“ရဟတ်ယာဉ်နဲ့သယ်လို့မနိုင်တဲ့ပစ္စည်းတွေ(စစ်လက်နက်)လို့ထင်မြင်ယူဆရပါတယ်ဗျ”ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက အိန္ဒိယမှစစ်လက်နက်ပစ္စည်းများကို ကလေးမြို့ကို သယ်ယူရန် အရပ်သားကားများကို ဖမ်းဆီးပြီး သယ်ယူနေခြင်းဖြစ်သည်။
လက်ရှိတွင်စစ်ကောင်စီတပ်သည် တမူးမြို့နယ်အတွင်းရှိ ဝိတုတ်ရွာအနီးကို ရောက်ရှိနေပြီဖြစ်သည်ဟု PDF(ကလေး) တပ်ရင်း-၃ မှ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်သည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်းသယ်ယူရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကတားဆီးနိုင်ရန် ကြိုးစားနေသည်။ထိုကြောင့် တမူး-ကလေး လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
