မကွေးတိုင်းပွင့်ဖြူမြို့နယ်တွင်ရဲတပ်သားအသစ်တောင်းယူ၍မရသောကြောင့် ခိုးဆိုးနှိုက်နှင့် ရပ်ကွက်တွင်းလေ့လွင့်နေသောအရပ်သားများအား နေ့စားပေးကာယူနီဖောင်းဝတ်ဆင်စေပြီးကင်းစောင့်ခိုင်းနေကြောင်း ပွင့်ဖြူဒေသခံအချို့က ပြောသည်။
ပွင့်ဖြူရဲစခန်းနှင့်လယ်ကိုင်းရဲစခန်းတွင်အထက်ကရဲတပ်သားသစ် တောင်းသည်ကို မပေးနိုင်၍ ရပ်ကွက်ထဲရှိ ခိုးဆိုးနှိုက်နှင့် လေ့လွင့်သူအချို့ကို ညကင်းစောင့် နေ့စားသမားအဖြစ်ငှားရမ်း၍ အသုံးပြုနေကြောင်း၊ ရဲများကမူ အရပ်ဝတ်များဖြင့် နေထိုင်ကြောင်းဒေသခံတစ်ဦးကပြောသည်။
အခြားပွင့်ဖြူနယ်ခံတစ်ဦးကလည်း ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီလက်ပါးစေရဲများကိုထိုသို့လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြောသည်။
“တပ်သားသစ်ခေါ်တာမျိုးမဟုတ်ဘူး။ တရားဝင်တပ်သားကို သူတို့ စုဆောင်းလို့မရဘူး။မရတော့ သူတို့က နေ့စားပေးငှားတာတို့ ၊ ရပ်ကွက်ထဲမှာ ဆိုး၊ ခိုး၊လု သောင်းကျန်းနေတဲ့သူတို့ကို ချော့မော့ပြီး နေ့စားပုံစံမျိုးငှားတာ။ ငှားပြီး သူတို့ကို ယူနီဖောင်းတွေ ဝတ်ပေးတယ်။ ယူနီဖောင်းဝတ်ပေးပြီး ကင်းတွေစောင့်ခိုင်းတာပေါ့။ သူတို့ကကျတော့ အရပ်ဝတ်တွေနဲ့လှည့်တယ်။တရားမဝင်တဲ့သူတွေကျတော့ယူနီဖောင်းအပြည့်အစုံနဲ့ ဂိတ်တွေမှာ စောင့်ခိုင်းတယ်။ နေ့စားနဲ့ စောင့်ခိုင်းထားတာ” ဟုဒေသခံကပြောသည်။
ထိုသို့ နေ့စားခေါ် ကင်းစောင့်ခိုင်းရခြင်းမှာရဲနှင့်စစ်ကောင်စီတပ် အင်အားများလိုအပ်နေပြီးတပ်သားသစ်စုမရသည့် အခြေအနေကြောင့် ဖြစ်သည်ဟု ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီတပ် အနေဖြင့်ဒေသအသီးသီး၌တိုက်ခိုက်ခံနေရပြီး သေဆုံးထိခိုက်မှုများနေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။
“သရက်ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)ဘက်မှာ ၈တန်းအောင်တွေတောင်ခေါ်မယ်ဆိုတဲ့ကြေညာချက်တွေထွက်လာတယ်။ အရင်က၁၀တန်းအောင်မှ။ ပြည်သူလူထုကလက်ရှိအနေအထားမှာ တပ်ထဲကို ဘယ်သူမှ ဝင်မယ့်သူမရှိဘူး။ မရှိတော့ သူတို့က ပျူစောထီးအဖွဲ့တွေကို ယူနီဖောင်းဝတ်ပြီးတော့ကင်းစောင့်ခိုင်းတယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်း၊ မကွေး ၊ မန္တလေး စသည့် ဒေသများရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးရာတွင်လည်း ပျူစောထီးများကို အသုံးပြုပြီး စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်။
