စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ စစ်အုပ်စုနှင့်ပျူစောထီးများ စစ်ကြောင်းထိုးလာ၍ ကျေးရွာများမှ ဒေသခံပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ၁၉ ရက်) ည၇ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ တောင်ဘက်သို့ ဦးတည်၍ ထွက်လာပြီး စည်ဆွဲတောင်ခြေရင်း ကပ်လာခဲ့ကြောင်း၊ အဆိုပါ စစ်အုပ်စုကြောင့် စည်လှောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာစသည့်ကျေးရွာများ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။



“အင်အားတော့ အတိအကျမသိရဘူး။ နည်းနည်းများတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်အုပ်စုသည် ယနေ့နံနက် ၂ နာရီခန့်တွင် စည်ဆွဲတောင်ပေါ်တက်ကာ ကင်းပုန်ချထားကြောင်း Yinmarbin Local People’s Defence Force အဖွဲ့က အသိပေးသည်။
ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများသည်ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသည်မှာ ၉ လခန့်ရှိပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပစ္စည်းယူဖမ်းဆီးသတ်ဖြတ်ခြင်းများ ဝင်ရောက်ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
