စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်အုပ် စုခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးကြောင်း Chaung U Local Defence Force (CLDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့(နိုဝင်ဘာ၁၉ ရက်) နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပေါ်တွင် လမ်းကြောင်းရှိ၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် ခြေလျင်ထွက်ခွာလာခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ကို နံနက် ၁၀နာရီခန့်တွင် မုံရွာ – ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ အသင့်စောင့် ဆိုင်းကာ နှစ်လုံးတွဲ ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDFပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်း စစ်ဆင်ရေးအား Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
ယနေ့ညနေ ၃ နာရီခွဲခန့်ကလည်း မန္တလေး – မုံရွာ လမ်းမကြီးအတိုင်း မန္တလေးဘက်မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် မော်တော်ယာဉ်တန်းကို မုံရွာ -ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ သုံးလုံးတွဲ (တစ်ဖက်ပွင့် နှစ်လုံး၊ ၃၆၀ ဒီဂရီ တစ်လုံး)ပဒေသာမိုင်းကို အသုံးပြု၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီကနေ့ စစ်ဆင်ရေးတွေပါ။ ထပ်တိုးပွိုင့်တွေလည်း လာဖို့ရှိပါသေးတယ်။ မြေပြင်က တိကျတဲ့အချက်အလက် မပို့သေးတာကြောင့် မတင်ဖြစ်သေးတာပါဗျ။”ဟု CLDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာ ခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်များအား ဒေသတွင်းPdfများက သုံးကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့ကြသေးသည်။
