▪︎အကြမ်းဖက်စစ်အုပ်စုကြောင့်နေ့စဥ်စိတ်ဒုက္ခရောက်နေသောပြည်သူများအတွက်ပျော်ရွှင်ဖွယ်အခိုက်အတန့်ဖြစ်စေပြီး၊ယနေ့ညအောင်ပွဲနှင့်အတူတော်လှန်ရေးခရီး၏အောင်မြင်သောနေ့အမြန်ဆုံးရောက်လာတော့မည်ဟုNUGယာယီသမ္မတပြော
မြန်မာ MMAဖိုက်တာ အောင်လအန်ဆန်သည် ယနေ့ည တွင်ဂျပန်ဖိုက်တာအိုကာမီကိုအနိုင်ရပြီးနောက် အခက်အခဲ ကြုံနေရသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း ဖွင့်ဟပြောကြားလိုက်သည်။
“ မြန်မာအတွက်ပြောစရာရှိပါတယ်။မြန်မာပြည်သူတွေ အတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ဟာ မြန်မာပြည်သူတွေအတွက် အရမ်းခက်ခဲပါတယ်။မြန်မာနိုင်ငံအတွက်အရမ်းခက်ခဲပါတယ်။ ခင်ဗျာတို့ကို ကျွန်တော်သိစေချင်ပါတယ်။ ကျွန်တော်ဆက်ပြီးဆုတောင်းပေးနေပါတယ်။ဘုရားသခင်က ငြိမ်းချမ်းမှုပေးနိုင်လိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ် “ ဟု အောင်လအန်ဆန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
NUG ယာယီသမ္မတဒူဝါလရှီလက အောင်လအင်ဆန်အနိုင်ရရှိမှုအပေါ် ဂုဏ်ပြုခဲ့သည်။
“မြန်မာ့ဂုဏ်ဆောင် အောင်လ အင်ဆန် (Nsang Awng La) အနိုင်ရရှိလို့ ဂုဏ်ယူမိပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုများကြောင့်နေ့စဥ်စိတ်ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တရပ် ဖြစ်စေပါတယ်။ယနေ့ည အောင်မြင်မှု ရလဒ်နှင့်အတူ မြန်မာပြည်တစ်ရပ်လုံးလည်း အာဏာရှင်တော်လှန်ရေး ခရီး အောင်မြင်သည့် နေ့ရက်တစ်ရက် အမြန်ဆုံး ရောက်လာတော့မှာဖြစ်ပါတယ်”ဟုယာယီသမ္မတကရေးသားဂုဏ်ပြုခဲ့သည်။
KIO/KIA မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ဂွန်မော်ကလည်း” Rai Sa Looooooo. အရင်ပွဲတွေအားလုံးထက်ရင်ခုန်စွာစောင့်ကြည့်ခဲ့ရပါတယ်။”ဟုရေးသားဂုဏ်ပြုခဲ့သည်။
အောင်လအန်ဆန်သည် ယနေ့ည စင်ကာပူနိုင်ငံတွင် ကျင်းပသည့် One Championship MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၂ မိနစ်အတွင်း ၎င်း၏ ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် အိုကာမီကို အလဲထိုး အနိုင်ရခဲ့သည်။
ယင်းပွဲစဉ်တွင် အနိုင်ရခဲ့သည့် အတွက် အောင်လအန်ဆန်သည် လာမည့်ပြိုင်ပွဲတွင် Ome Championship MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ် ထိုးသတ်ခွင့် ရရှိမည်လည်း ဖြစ်သည်။
