စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မြင်းမူလမ်းပိုင်းနှင့် မုံရွာ – ပခုက္ကူလမ်းပိုင်းများအား လမ်းအသုံးပြုမှု အရေးပေါ် ပိတ်ထားကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။
ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ မုံရွာ – ချောင်းဦး – ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။
ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ထိုလမ်းပိုင်းများကို ပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက်အာမမခံနိုင်ဟု ချောင်းဦး PDFအဖွဲ့က သတိပေးသည်။
အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသေ ာမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းစေရန် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသောသူများကို ထပ်ဆင့်အကြောင်းကြားပေးကြရန် ချောင်းဦး PDFအဖွဲ့က မေတ္တာရပ်ခံသည်။
ယာယီပိတ်ထားသော ထိုလမ်းပိုင်းများတွင် စစ်အုပ်စုယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFများက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
(မုံရွာ – မန္တလေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)
