စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။
ယနေ့(နိုဝင်ဘာလ ၁၈ရက်)နံနက်တွင် ခင်ဦးမြို့နယ် မဏီကုန်းနှင့် ပေါင်းလဲကုန်းကျေးရွာကြားရောက်ရှ်ိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်။
” ယနေ့မနက် အကြမ်းဖက်စကစ စစ်ကြောင်းလှည့်လည်မှု လမ်းကြောင်းမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာရ၍ရဲဘော် နှစ်ဦး ကြွေလွင့်ခဲ့ရပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
” မနေ့က တိုက်ပွဲမှာ စခတွေ အထိနာပြီး ဒီနေ့မှာ အင်အားတိုးလာတယ်။ ကျွန်တော်တို့မဟာမိတ်တွေကလည်း စုစုစည်းစည်း ပြန်တိုက်နေပါတယ်။ ထိခိုက်မှုလည်းရှိပါတယ်”ဟု ခင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော KhinUSpecialforceOrganization_KSOမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။
ယမန်နေ့က စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခင်ဦးမြို့နယ် ကုန်းသာ၊အောင်သာ၊ ရွှေယမင်းစသည့် ကျေးရွာများကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု Khin U local GuerrillaForce (K.U.G.F)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့က ကုန်းသာကျေးရွာအား ဝင်ရောက်မွှေနှောက်ပြီးကျေးရွာမှ အသက်၁၇နှစ်အရွယ် G-10(စနစ်သစ်)ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် ဒေသခံသုံးဦးအား ဖမ်းဆီးသွားခဲ့ပြီး လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့သည်။ အဆိုပါသုံးဦးအနက်မှ နှစ်ဦးပြန်လွှတ်ပေးပြီး တစ်ဦးအား ဖမ်းဆီးထားဆဲဟု ဒေသခံများကပြောသည်။
