စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် လက်နက်အပြည့်အစုံဖြင့် သွားလာနေသည့် ပျုစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပျူငါးဦးထက်မနည်း သေဆုံးသွားသည်။
ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF – CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၂၅ယောက်လောက်ရှိမယ်ဗျ။ ပျူတွေက သေနတ် တွေနဲ့ ထွက်လာတာ။ မိုင်း နှစ်ဆင့်ခွဲခဲ့တယ်။ ပထမတစ်လုံးက ငါးယောက်အနည်းလေး သေတယ်။ နောက်တစ်လုံးကလည်း ချက်ကောင်းထိပြီး လူနာတင်ကားတွေ လာခေါ်သွားတယ်”ဟု ချောင်းဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် ပျုစောထီးအဖွဲ့က ဘေးပတ်ဝန်း ကျင်သို့ သေနတ်ဖြင့် အချက်ပေါင်းများသွား ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု CHUPDF တပ်ခွဲ -၅ (IGF Monywa) က သတင်းထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အနီးတဝိုက်တွင်သွားလာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်နှင့် ဒေသတွင်း လမ်းခရီးသွားလာရာတွင်လည်း စစ်ကောင်စီအုပ်စု၏ မည်သည့်ကားနှင့်မျှ အနီးကပ်မောင်းနှင် သွားလာခြင်း မပြုကြရန် CHUPDF တပ်ခွဲ -၅ (IGF Monywa)က သတိပေး ထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်အပြင် ဒေသတွင်း နယ်မြေချင်းထိစပ်နေသော မြောင်၊ မြင်းမူ၊ မြင်းခြံနှင့် ရေစကြိုမြို့တို့တွင် အင်းအားတိုးချဲ့ပြီး စစ်ကြောင်းထိုးနေသည်။
