ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တပ်စွဲထားသည့် နေရာကိုပါ ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ ဒုတပ်ရင်းမှူး Phoenix က ပြော သည်။
နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်ကကရင်နီတပ်ပေါင်းစု ထောင်ထားသည့်ကားမိုင်းသည် စစ်ကောင်စီတပ်ကားကိုတည့်တည့်ထိမှန်ပေါက်ကွဲခဲ့သည်ဟုသိရသည်။
“ကားတစ်စီးလုံးရစရာမရှိအောင် ဖြစ်သွားတယ်။မိုင်းကွဲပြီးကတည်းကတက်ဖို့တစ်ညလုံးကြိုးစားတယ်။မနက်မိုးလင်းတော့ဝင်ပြီးနေ့လယ်လောက်မှစတိုက်တာပါ”ဟုအထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။
စစ်ကောင်စီတပ်ကားမိုင်းထိပြီးနောက် စစ်တပ်က ယမန်နေ့နံနက် ၆ နာရီမှစ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၇) နေ့ခင်းပိုင်းတွင်စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ကရင်နီပူးပေါင်းတပ်များက RPG များဖြင့်ပါထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။ စစ်ကောင်စီတပ်ကားကိုမိုင်းဆွဲ တိုက်ခိုက်မှုနှင့် စခန်းချရာနေရာကို တိုက်ခိုက်မှုတို့တွင် စစ်သားများသေဆုံးထိခိုက်မှုများနိုင်ပြီး သေဆုံးဒဏ်ရာရသူအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ကရင်နီတပ်ပေါင်းစုမှ အထိအခိုက်အကျဆုံးမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း KRU ဒုတပ်ရင်းမှူးကပြောသည်။
ကုန်းသာကျေးရွာစစ်ဆင်ရေးတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ၊ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ KRU တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်လွယ်နန်းဖကျေးရွာ မှကုန်းသာ ကျေးရွာအထိနယ်မြေစိုးမိုးမှုရယူထားပြီး အင်အား ၂၀၀ ခန့်ဖြင့်တပ်စွဲထားကြောင်းသိရသည်။
“ကရင်နီကပြည်သူတွေကတော့ တိုက်ပွဲက ရိုးနေပြီမို့ ပြည်မဘက်ကပြည်သူတွေကို အားလုံးနဲ့သက်ဆိုင်တဲ့တော်လှန်ရေးမို့ သွေးမအေးစေချင်ပါဘူး။နိုင်တဲ့တာဝန်ထမ်းစေချင်ပါတယ်”ဟု ဒုတပ်ရင်းမှူး Phoenix ကပြောသည်။
