စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်)မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့ထဲမှ ထွက်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ကား (၂) စီးဖြင့် ရွှေဘို-မန္တလေးလမ်းအတိုင်းတောင်သို့ ထွက်လာခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇီးတောကျေးရွာထိပ်၌ဆင်းချိန် ရွှေဘိုမြို့နယ် ပကဖ တိုက်နယ် (၅)အဖွဲ့က အဝေးထိန်း မိုင်း (၈)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။
“ဇီးတောရွာက တယောက်ထိထားပါတယ်။မိန်းခလေးပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်(ပကဖ)တိုက်နယ် (၅)အဖွဲ့ထံ ဆယ်သွယ်သော်လည်း လက်တလောဆယ်သွယ်၍ မရသေးပေ။
