တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် အပြစ်မဲ့ပြည်သူနှစ်ဦး သတ်ဖြတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင် ကိုဖြိုးအား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Dawei Defense Team – DDT က ယနေ့(နိုဝင်ဘာ ၁၆)ထုတ်ပြန် သည်။
ယနေ့ညနေ ၆ နာရီခန့်က လောင်းလုံးမြို့နယ် အဝဗျောကျေးရွာမှ ထားဝယ်ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ရင်းဖြစ်သူ ကိုဖြိုးဆိုသူအား DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ) ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။
ပစ်ခတ်ရှင်းလက်းခံရသူ ကိုဖြိုးသည် ထားဝယ် မြို့ ကြက်စာပြင်ရပ်ကွက်နေ ကိုအောင်ခိုင်၏ ဖခင် ဦးကြည်လွင်အား သတ်ဖြတ်မှုတွင် ပါဝင်ခြင်း၊ အလားတူ ပြီးခဲ့သည့် ဇွန်လက လောင်းလုံးနယ် ဝဗျောကျေးရွာမှ ဒေါ်ခင်ချိုသတ်ဖြတ်ခံရမှုတွင် ပါဝင်နေခြင်းတို့ကြောင့် သတိပေးစာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့၏သတိပေးချက် အား မလိုက်နာဘဲ စစ်ကောင်စီတပ်များအား သတင်းပေးခြင်း၊ လမ်းပြပေးခြင်းနှင့် ဆိုးသွမ်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ အပြစ်ပေးအရေးယူရခြင်းဖြစ်သည်ဟု DDTက ဆိုသည်။
ထို့ကြောင့် ယခုလုပ်ဆောင်မှုသည် ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်မှုလုံးဝမရှိဘဲ DDT ဖြင့်သာ သက်ဆိုင်ကြောင်းနှင့် ပြည်သူများ စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန် သတိပေးထားသည်။
