မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ် အတွင်း၌ ရေမြုပ်မိုင်းစမ်းသပ်ထောင်စဥ်ပေါက်ကွဲခဲ့၍ PDFရဲဘော်၃ဦး ကျဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၁ ရက်က ကောင်းကင်တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ရဲဘော်ဖိုးသား၊ ဒေါင်းစစ်သည် (မတ္တရာ) အဖွဲ့ဝင် DMW၊ MGUFF အဖွဲ့ဝင် ဘရိတ်တို့သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ဧရာဝတီမြစ်အတွင်း၌ ရေမြုပ်မိုင်း စမ်းသပ်ထောင်စဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦးလုံး ကျဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်သည်။
“နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။”ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေး အင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဧရာဝတီမြစ်အရှေ့ခြမ်း မတ္တရာနှင့်စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်နေပြီး မြစ်အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်ဘက်သို့ပါ စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။
