စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယနေ့(နိုဝင်ဘာလ ၁၆ ရက်)နံနက် ၅နာရီခွဲအချိန်က မြင်းမူမြို့ပေါ်၊ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ရင်း(၇)လက်အောက်ရှိ True Fighter အဖွဲဲ့တို့ပူးပေါင်းကာ သံပုရာသီးလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
“ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။”ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
နိုဝင်ဘာ၁၁ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သည် ရွာအရှေ့ဘက်ထန်းတောထဲ ကင်းပုန်းဝပ်ကာ ဝိုင်းဖွဲ့ထိုင်ချိန် Zero ပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
