ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ စစ်ကောင်စီဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေချိန် တောဆင်ရိုင်း အနင်းခံရ၍ သေဆုံးသွားကြောင်း သစ်တောဝန်ထမ်းအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။
” ဖြစ်တာက အောက်တိုဘာလထဲမှာဗျ။ ဆင်ရိုင်းမောင်းရင်း ဆင်ရိုင်းက အန္တရာယ်ပြုတာ။ နင်းသတ်သွားတာ။ ဒီနေ့တော့ သူ့အတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးဆိုပြီး လာပေးတယ်” ဟု ပုသိမ်မြို့မှ သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။
ဦးမောင်မောင်စိုးအတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၉၀ကို ပုသိမ်မြို့သစ်တောရုံးတွင် ယမန်နေ့(နိုဝင်ဘာလ ၁၅ရက်)တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဦးမောင်မောင်စိုးသည် ပုသိမ်မြို့နယ်၊ ဆင်ဝိုင်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။စစ်ကောင်စီလက်အောက်တွင်တာဝန်ဆက်လက်ထမ်းဆောင်နေသော Non CDM သစ်တောဝန်ထမ်းတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း နှစ်(၂ဝ)ခန့်အတွေ့အကြုံရှိသည်ဟု ၎င်း၏ မိတ်ဆွေအချို့ကပြောသည်။
ဆင်ဖြူတော်ကိုလိုက်ရှာကြရန်ဖိအားပေးနေသော အာဏာသိမ်း စစ်ကောင်စီက သစ်တောနယ်မြေများအတွင်း ဆင်ဖြူတော်ရှာခိုင်းသည့်အတွက်လည်း စိတ်ပျက်ရကြောင်း သစ်တောဝန်ထမ်းအချို့က ပြောသည်။
