မနေ့ကညပိုင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ဇေယျာသီရိ ( ၃) ရပ်ကွက် အတွင်းအပြန်အလှန်ပစ်ခတ်မှုမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
ဇေယျသီရိ (၃) ရပ်ကွက် က နေအိမ် တစ်အိမ် ကို ညနေပိုင်း ၅ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လာရောက်စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
ကနဦးပစ်ခတ်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူနဲ့ ရဲတပ်ဖွဲ့ဝင်၁ ဦးဒဏ်ရာရသွားပါတယ်။
ဒါကြောင့် အဲဒီနေရာကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ပိတ်ဆို့ပစ်ခတ်ရာမှာ PDF တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ဓာတ်ပုံ အရ ဖမ်းမိသူ ၅ ဦးမှာ အမျိုးသမီး ၁ ဦးပါဝင်တာတွေ့ရပါတယ်။
ဖမ်းဆီးရမိသူတွေဟာ Special Underground Movement Force Mawlamyine- အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အထူးမြေအောက်လှုပ်ရှားမှုအင်အားစု Special Underground Movement Force Mawlamyine-အဖွဲ့ကလည်း သူတို့ အဖွဲ့ဝင် ၅ ဦး လက်နက်ငယ် ၃ လက်နဲ့အတူ ဖမ်းခံလိုက်ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
