မြန်မာရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ၏ ညီလည်းဖြစ် ၊ IGE ကုမ္ပဏီများအုပ်စု ပိုင်ရှင်ဖြစ်သော ဦးနေအောင် သည် ရုရှားနိုင်ငံသို့ စစ်ကောင်စီအတွက် လက်နက်ဝယ်ယူရန်သွားရောက်မည်ဖြစ်ကြောင်းစစ်ကောင်စီသတင်းရင်းမြစ်အချို့က ပြောသည်။
IGE ကုမ္ပဏီအုပ်စုမှ ဦးနေအောင်အပါအဝင် ၅ ဦးနှင့် စင်ကာပူနိုင်ငံမှ ၎င်း၏ မိတ်ဆွေတစ်ဦးစုစုပေါင်း ၆ ဦးသည် ရှေ့အပါတ်တွင် ရုရှားနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားပြီးဖြစ်ကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“ဦးနေအောင် နဲ့ သူ့အဖွဲ့တွေနောက်အပတ်ထဲရုရှား ထွက်ဖို့ရှိပါတယ်။ လက်နက် နဲ့ နျူကလီးယား တွေသွားကြည့်ပြီး အရောင်းအဝယ်ကိစ္စလုပ်ဖို့ပါ”ဟု စစ်ကောင်စီမှ သတင်းပေးတစ်ဦးက People’s Spring သို့ပြောသည်။

စစ်အစိုးရလက်ထက် ဦးသန်းရွှေ၏ လူယုံတစ်ဦးလည်းဖြစ် ၊သက်တမ်းရှည် စက်မှူဝန်ကြီး ဦးအောင်သောင်း၏ သားဦးနေအောင်သည် စစ်ကောင်စီအတွက် လက်နက်ဝယ်ပေးရန်အတွက် ရုရှားသွားရန် စီစဥ်နေပြီမှာ.ကြာပြီဖြစ်ပြီး ယခုမှ အထမြောက်ခြင်းဖြစ်ကာ ရုရှားသို့သွားရန် ဗီဇာရပြီဖြစ်ကြောင်း အထက်ပါ ရင်းမြစ်များကပြောသည်။
အဆိုပါခရီးစဥ်တွင် လက်နက်ဝယ်ယူရန် အပြင် နျူကလီယား ကိစ္စပါဝင် သည်ဟုသိရသော်လည်း နျူကလီယားမှာ လက်နက်အတွက်လား ၊ စွမ်းအင် ထုတ်လုပ်ရန်လားဆိုသည်ကိုမူ People’s Spring က သီးခြားအတည်မပြုနိုင်သေးပါ။ သို့သော် ခရီးစဥ်တွင် စစ်ကောင်စီအတွက် လက်နက်ဝယ်ယူရန် အစီအစဥ်ပါဝင်သည်မှာ သေချာကြောင်း စစ်ကောင်စီမှ သတင်းရင်ူမြစ်အချို့ကအတည်ပြုသည်။
စက်တင်ဘာလက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်းနျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ရုရှား၏ နိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom နှင့် စစ်ကောင်စီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုကြောင့် ဦးနေအောင် ၏ ခရီးစဥ်အတွင်း နျူးကလီးယား ကိစ္စမှာ အဆိုပါနောက်ဆက်တွဲလည်းဖြစ်နိုင်ကြောင်း လေ့လာသူအချို့ ကပြောသည်။
ရုရှားနှင့်သဘောတူထားသောစစ်ကောင်စီ၏အဆိုပါနျူကလီးယားစီမံကိန်းကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့်သတိထားစောင့်ကြည့်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှတဆင့် တောင်းဆိုထားသည်။
“သူ့အစ်ကို မိုးအောင်ကရေတပ်ချုပ်ဖြစ်နေတာနဲ့တင် ရုရှားကိစ္စက သံသယဖြစ်စရာ မရှိဘူး” ဟု ဦးနေအောင်၏ ရုရှားသို့ စစ်ကောင်စီအတွက် လက်နက်သွားဝယ်မည့်ခရီးစဥ်အပေါ် IGE ကိုစောင့်ကြည့်လေ့လာနေသူတစ်ဦးက မှတ်ချက်ပြုသည်။စစ်ကောင်စီရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဦးနေအောင်၏ အကိုဖြစ်သည်။
ဦးနေအောင်IGEကုမ္ပဏီသည်မင်းအောင်လှိုင်၏စစ်ကောင်စီလက်ထက်တွင် လုပ်ပိုင်ခွင့်များပိုမိုရရှိလာပြီး ၊စစ်ကောင်စီထံမှ ပရောဂျက်များရရန် ဦးနေအောင်ကိုပင် ကပ်မှ အခြားလုပ်ငန်းရှင်အချို့က ပရောဂျက်ရသည့်အခြေအနေပင်ဖြစ်လာကြောင်းလည်း လုပ်ငန်းရှင်အချို့ကပြောသည်။
“သန်းရွှေလက်ထက်မှာဦးတေဇကခရိုနီခေါင်ချုပ်ဆိုရင် မင်းအောင်လှိုင်လက်ထက်မှာ ခရိုနီခေါင်ချုပ်က နေအောင်လို့ ပြောလို့ရတယ်”ဟု.ရန်ကုန်မြို့ မှ လုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။
“ရုရှားကလာတဲ့ လုပ်ငန်းတွေ ပြည်တွင်းထဲ ဝင်လာတဲ့အခါမှာ နေအောင်က coordinate & facilitate လုပ်ပေးတယ်ပြောတယ်”ဟု အထက်ပါလုပ်ငန်းရှင်ကဆက်ပြောသည်။
ထိုအပြင် Ooredoo ကုမ္ပဏီကို ဂျော်နသန်ကျော်သောင်းဦးဆောင်ခရိုနီများက လက်လွှဲဝယ်ယူရာတွင် ပြည်တွင်း၌ ဝန်ဆောင်မှုကို ဦးနေအောင်၏ ANADA ကုမ္ပဏီကလုပ်ပိုင်ခွင့်ရထားသည်။ထိုကြောင့် ဦးနေအောင်သည် Ooredoo ၏ အစုရှယ်ယာပိုင်ဆိုင်ခွင့်နှင့် ဝန်ဆောင်မှုပေးခွင့်ကို မကြာသေးမီက ရရှိထားသည်။ People’s Spring ကအထူးစုံစမ်းဖော်ထုတ်ရေးသားထားသော ” အော်ရီဒူးမြန်မာအရောင်းအဝယ်ကို အဓိကကြိုးကိုင်ခဲ့သူ”/feature-mm/2022/10/23/57352/ ဆောင်းပါးတွင် အသေးစိပ်ဖတ်ရှုနိုင်ပါသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏မိသားစု၏ ယုံကြည်မှုနှင့် ရင်းနှီးမှုရရှိထားသဖြင့် ဦးနေအောင်သည် ယခုကဲသို့ စစ်ကောင်စီကို စိတ်ရော၊ကိုယ်ပါ ကူညီလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ၊၎င်း၏နောက်ကွယ်တွင်မင်းအောင်လှိုင်မိသားစုနှင့်အကျိုးစီးပွားဆက်စပ်မှုများစွာရှိနိုင်ကြောင်း စစ်ကောင်စီလက်ထက်ခရိုနီများကိုစောင့်ကြည့်လေ့လာနေသူတစ်ဦးကပြောသည်။
ဦးနေအောင်သည်လုပ်ငန်းအစုံလုပ်သောIGE ကုမ္ပဏီအုပ်စုအပြင် UAB ဘဏ် ၊ Anandaဝိုင်ဖိုင်လုပ်ငန်း စသောလုပ်ငန်း မျိုးစုံကိုပိုင်ဆိုင်သည်။
စစ်ကောင်စီနှင့် ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း ထိုအခြေအနေကို မီဒီယာနှင့် ပြည်သူများကသိရှိမည်စိုး၍ နေပြည်တော်တွင် မင်းအောင်လှိုင် ဖိတ်ကြားသော အခမ်းအနားများသို့ မလာဘဲနေတက်ကြောင်းလည်းသိ့ရသည်။
ဦးနေအောင်၏UAB ဘဏ်သည်စစ်ကောင်စီအလိုကျ ပြည်သူများကိုပျော်ပွဲရွှင် ပွဲများဖြင့် အာရုံပြောင်းနိုင်စေရန် ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်က ရန်ကုန် ရှိ Time City တွင် Halloween Night ဈေးရောင်းပွဲကိုပြုလုပ်ခဲ့သေးသည်။
