စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်းထိခိုက်
ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၃)က မိုင်းဖြင့်နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၁၄)က ထုတ်ပြန်သည်။
ပြည်ခရိုင် ၊ ပေါင်းတည်မြို့၊ ရုပ်ဆိုင်ရွာ ရိုးမအစပ်ထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ဦးခန့်အား နိုဝင်ဘာ ၁၂ ရက်ညနေ ၃ နာရီ ၂၀ခန့်က စစ်တပ် ရှေ့ကင်းပွိုင့်အား ပထမအကြိမ် ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
အလားတူ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းကွင်းအတွင်းဝင်လာသော အထက်ပါစစ်ကြောင်းအား ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။
“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိနိုင်ပြီး အတည်ပြုစုံစမ်းလျက်ရှိသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပဲခူးတိုင်းစစ်ဒေသခွဲအောက်ရှိသည့် သာယာဝတီခရိုင် PDF နှင့် တောင်ငူခရိုင် PDF တို့ကလည်း နိုင်ဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ စစ်ကောင်စီတပ်အား ဆက်လက် တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်။
