စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်းကို PDF အဖွဲ့များပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးကြောင်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။
နိုဝင်ဘာ ၁၁ ရက် ည ၁၁နာရီခွဲခန့်က ဝက်လက် မြို့နယ်၊လှတောရဲစခန်းအား ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နံနက် ၂နာရီခန့်အထိ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ စခန်းရှိ လက်နက်ကြီးတစ်လက်လည်း ပျက်စီးသွားသည်ဟု ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကဆိုသည်။
“အကွာအဝေးကတော့ ဂန်းနဲ့ဆိုရင်တော့ မီတာ ၂၅၀၊ ၃၀၀ လောက်ကပေါ့။ တာဝေးဆိုရင်တော့ မီတာ ၇၀၀ လောက်ကပစ်တာ။ ဟိုဘက်ကလည်းပြန်ပစ်တယ်။ သူတို့ကထွက်တော့ မပစ်ရဲဘူးလေ”ဟု အဖွဲ့တာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်မူ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
