စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုအကျဥ်းထောင်မှ ထွက်လာသော စစ်အုပ်စုနှင့်ရဲများလိုက်ပါလာသည့် ဘင်ကားအား PDFများ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့ တာဝန်ခံက ပြောသည်။
နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။
သို့သော် မိုင်းကွင်းအတွင်းသို့ ပြည်သူများ၏ နွားလှည်းများရောက်ရှိလာခဲ့သဖြင့် မိုင်းဆွဲလိုက်နိုင်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့်သာ ကျည် (၅၃)တောင့် အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး သေဆုံးမှုရှိမရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ဆိုသည်။
“ကားကရွှေဘိုကနေ ကျောက်မြောင်းဘက်ကိုသွားတာပါ။ ကားကတော့ တအားမပျက်စီးဘူးဗျ။ ွေးတွေ ဆေးကုနေပါတယ်။ မိုင်းကွင်းနားမှာ ပြည်သူလှည်းရှိနေလို့ မိုင်းမဆွဲလိုက်ရဘူးဗျ။ ပစ်ပဲပစ်လိုက်ရတယ်။”ဟု နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ပြောသည်။
ဖြစ်စဥ်နှင့် စစ်အုပ်စု ထိခိုက်မှုအခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးအား အမှတ်(၅) တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်စု (၁)၊တပ်စိတ်(၂)နှင့် နေလစင်္ကြာ_Shwebo PDFအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။
ရွှေဘို – ကျောက်မြောင်းလမ်းသည် မန္တလေးတိုင်းသို့ ကူးသန်းရာလမ်းတစ်လမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်တွင်လည်း စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေသည်။
