စစ်တပ်အာဏာသိမ်းပြီး ၈ လအကြာမှာ မတရားဖမ်းဆီးခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ဟာ အင်းစိန်ထောင်မှာ ကျန်းမာရေးအလွန်ဆိုးရွားနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဒီနေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။
မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။
အဲဒီနောက် အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ ထပ်မံ တရားစွဲခံရပြီး ဒီနှစ်ဧပြီလမှာ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ဆီ ပြောင်းရွှေ့ခံလိုက်ရပါတယ်။
ဒီလိုထောင်ပြောင်းပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်မှာပဲ သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ကို ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ထံ စစ်ကောင်စီက ပြန်ပြောင်းရွှေ့လာပါတယ်။
အင်းစိန်ထောင်ကိုပြန်ရောက်လာပြီး ၂၂ နာရီအတွင်း သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ဟာ သတိလစ်သွာပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အသိပေးပါတယ်။
မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရချိန်က စစ်ကြောရေးမှာ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့်ဦးနှောက်အကျိတ်တည်တယ်လို့ ယူဆရတဲ့ဒဏ်ရာ နဲ့လေဖြန်းသွားပြီး ထောင် ဆေးရုံမှာကုသခဲ့ရပါသေးတယ်။
မဝတ်ရည်အောင်ရဲ့ကျန်းမာရေးအခြေအနေအရ မိသားစုက ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသခွင့်လျှောက်ထားခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။
မဝတ်ရည်အောင်အပြင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ သတ်ဖြတ်ခံရတဲ့အပြင် အကျဉ်းထောင်တွေ မှာမတရားဖိနှိပ်မှုတွေကို ကြုံတွေ့နေရပါတယ်။
