မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဗောဓိရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းက အသိပေးပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းဟာ မတ္တရာမြို့နယ်ရဲ့ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးခေါင်းဆောင်လည်းဖြစ်တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းကဆိုထားပါတယ်။
စစ်အုပ်စုဘက်ရဲ့ သတင်းမှာတော့ ဦးအောင်ကျော်ဝင်းဟာ နိုဝင်ဘာလ ၉ ရက်က မတ္တရာမြို့နယ် ၊သရက်တောကျေးရွာအုပ်စုထဲက စားသောက်ဆိုင်မှာထိုင်နေချိန် ဆိုင်ကယ် ၂ စီးနဲ့ရောက်လာတဲ့ အမျိုးသား ၆ ဦးက ပစ်ခတ်သွားတာလို့ ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းကလည်း မတ္တရာမြို့နယ် တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးဟာ မန္တလေး − မိုးကုတ်လမ်းမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။
တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။
